အာဇာနည်နေ့ ကျင်းပသူများအား ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေမည်ဟု ကရင်အဖွဲ့များပြော

အာဇာနည်နေ့ ကျင်းပသူများအား ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေမည်ဟု ကရင်အဖွဲ့များပြော

ကရင်အမျိုးသားအာဇာနည်နေ့ကို ဦးဆောင်ကျင်းပခဲ့သူ နော်အုန်းလှနှင့် အခြားသူနှစ်ဦးအား တရားစွဲဆိုခြင်း သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေသည့်အတွက် အမှုအား ပြန်လည် ရုတ်သိမ်းပေးရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က တောင်းဆိုလိုက်သည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်က “ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပတဲ့သူတွေကို တရားစွဲပြီးတော့ ထောင်ချဖို့ ကြိုးစားနေတာဟာ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားတွေ အမြတ်တနိုးတန်ဖိုးထားတဲ့ နေ့ထူးနေ့မြတ်၊ ရိုးရာယဉ်ကျေးမှု၊ တန်ဖိုးထားတဲ့အရာတွေကို အစိုးရအနေနဲ့ အသိအမှတ်မပြု တန်ဖိုးမထား မလေးစားဘူး ဒါဟာ တိုင်းရင်းသားတွေနဲ့ ဖော်ဆောင်နေတဲ့ ရင်ကြားစေ့ရေးပေါ့နော် ယုံကြည်မှု တည်ဆောက်မှုတွေကို ပိုပြီးတော့ ကင်းကွာစေတယ်” ဟု ပြောသည်။

စက်တင်ဘာ ၁၁ ရက်နေ့ ယနေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်သည် လက်ရှိဖော် ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးအပေါ် ကရင်လူထုတို့၏ ရင်ထဲက မယုံကြည်မှုများနှင့် သံသယများကိုလည်း ပိုမိုကြီးထွားစေသည်ဟု KSPN က ဆိုသည်။

KSPN ၏ ထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်မြင်မှုရှိလာရန် တိုင်းရင်းသားများအား လုံးနှင့် တိုင်းရင်းသားတစ်မျိုးချင်းစီ၏ မတူညီကွဲပြားသော ဘာသာရေးယုံကြည်ချက်များကို တန်းတူညီမျှစွာ လက်ခံအသိအမှတ်ပြုရန်လိုအပ်ပြီး ၎င်းတို့၏ နေ့ထူးနေ့မြတ်များအပေါ် အမည်တပ်ပိုင်ခွင့်နှင့် ကျင်းပခွင့်များ အား လွတ်လပ်စွာပေးရန်လိုအပ်သည်ဟုလည်း ထည့်သွင်းထားသည်။

ထို့အပြင် ကရင်အာဇာနည်နေ့အစီအစဉ် ဦးဆောင်သူများကိုပါ ရာဇဝတ်မှုမြောက် တရားစွဲဆိုလုပ်ဆောင်မှု သည် လွန်စွာ အနုတ်သဘောဆောင်ပြီး ပြဿနာကို ပိုမိုကြီးထွားစေသောခြေလှမ်းများပင်ဖြစ်သည်ဟုလည်း KSPN က ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ကရင့်အာဇာနည်ဟူသော အသုံးအနှုန်းအပေါ် တားမြစ်ခြင်းသည် ကရင်လူထုတစ်ရပ်လုံးကို များစွာထိခိုက် နာကျင်စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုခြင်းသည် ရန်လိုသည့် သဘောမျိုးကို ဖြစ်ပေါ်စေသည်ဟု KSPN က ဆိုသည်။

ဒီမိုကရေစီ နှင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နေသည့် အစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစု၏ အခွင့်အရေးနှင့် တန်းတူမှုကို ဖော်ဆောင်ပေးရမည် ဖြစ်သော်လည်း ယခုလုပ်ရပ်သည် အနိုင်ကျင့်သည့် သ ဘောသက်ရောက်နေသည်ဟု စောအဲလက်စ်က ပြောသည်။

“အစိုးရရဲ့ တာဝန်ဝတ္တရာက ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ အချင်းချင်းကြားထဲမှာ ပိုမိုအားကောင်းတဲ့ ယုံကြည်မှု ပိုမိုအားကောင်းတဲ့ နားလည်မှုတွေကို တည်ဆောက်နိုင်ဖို့ကို မလုပ်တဲ့အပြင် ကျွန်တော်တို့ တိုင်းရင်းသားတွေအကြားမှာ ပိုမိုသွေးခွဲပြီးတော့မှ အနိုင်ကျင့်တဲ့အပြုအမှုမျိုးကို ဖော်ပြနေတယ်” ဟု ဆက်ပြောသည်။

ကရင်အာဇာနည်နေ့သည် လုပ်ကြံခံခဲ့ရသော ကရင်ခေါင်းဆောင်စောဘဦးကြီးနှင့် ရပိုင်ခွင့်အတွက် တော်လှန် ရေးလုပ်ရင်း ကျဆုံးခဲ့ရသောသူများအား ပြန်လည်အောက်မေ့သတိရရန် အမှတ်ရလုပ်ဆောင်သော နေ့ထူးနေ့ မြတ်ဖြစ်ပြီး ကရင်လူမျိုးများအတွက် အရေးကြီးသည့်နေ့တစ်နေ့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဌဟောင်းဖြစ်သည့် နော်စီဖိုးရာစိန် ဦးဆောင်သည့် KNU Concerned Group ကလည်း ကရင်အားဇာနည်နေ့ ဦးဆောင်ကျင်းပသူ နော်အုန်းလှအား ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာ ၁၀ ရက်နေ့က ကြေညာထုတ်ပြန်ထားသည်။

ထိုအတူ နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO ကလည်း ကရင်အားဇာနည်နေ့ ဦးဆောင်ကျင်းပသူများအား တရားစွဲဆိုမှုအပေါ် ကန့်ကွက်ကြောင်းနှင့် အဆိုပါလုပ်ရပ်သည် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်အပေါ် ထိခိုက်နိုင်သည်ဆိုပြီး ထုတ်ပြန်ထားသည်။

၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့တွင် ဦးဆောင်ကျင်းပခဲ့သည့် ကရင်အမျိုးသမီး အစည်းအရုံး KWU ဥက္ကဌ နော်အုန်းလှကို ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် ဖမ်းဆီး တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်နေရသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...