မြောက်ဦးမြို့သစ်စီမံကိန်းတွင်ပါဝင်သည့် လယ်မြေဧက ၄၀၀ ကျော်အတွက် ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေရရှိရန် တောင်သူများမျှော်လင့်

မြောက်ဦးမြို့သစ်စီမံကိန်းတွင်ပါဝင်သည့် လယ်မြေဧက ၄၀၀ ကျော်အတွက် ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေရရှိရန် တောင်သူများမျှော်လင့်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်ဖော်ဆောင်မည့် မြို့သစ်စီမံကိန်းအတွက် လယ်မြေဧက ၄၀၀ ကျော်ခန့် ပါဝင်မည်ဖြစ်ပြီး ၎င်းလယ်ယာမြေများ၏လျော်ကြေးငွေကို ကာလပေါက်ဈေးအတိုင်းရရှိရန် ဒေသခံတောင်သူများက မျှော်လင့်နေကြသည်။

မြောက်ဦးမြို့မြောက်ဘက် ရန်ကုန်- စစ်တွေ ပြည်ထောင်စုလမ်းမကြီးအနီးတွင် ထမ္မရာဇ်ရပ်ကွက်အပါအဝင် မောင်ရွှီကန်၊ အုပ်ဖိုကန်ကျေးရွာတို့မှ လယ်သမား ၆၅ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၄၃၆ ကျော်တွင် အဆိုပါ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန်ဆောင်ရွက်နေခြင်းဖြစ်သည်။

စက်တင်ဘာလ ၁ ရက်နေ့က မြောက်ဦးမြို့နယ် လယ်ယာစီမံခန့်ခွဲရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်စီမံကိန်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြို့သစ်စီမံကိန်းအကောင်ထည်ဖော်ရန် လျာထားသည့်မြေနေရာသို့ လာရောက်ကာ မြေပိုင်ရှင်များနှင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းတို့မှ စီမံကိန်းဖော်ဆောင်မည့် လယ်ယာမြေများအတွက် ဒေသခံများ လျော်ကြေးငွေ ဈေးနှုန်း မည်မျှ တောင်းခံမည်ကို တောင်သူများနှင့်လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများကဆိုသည်။

“မြို့သစ်ဧရိယာထဲမှာပါတဲ့ လယ်သမားအားလုံး ၆၀ ကျော်ကိုခေါ်ပြီးတော့ ဒီနားကမြေကို မြို့သစ်အဖြစ် လုပ်မယ်။ လျော်ကြေးဘယ်လောက်လိုချင်လဲ။ လက်ရှိမှာရော လယ်မြေဈေးနှုန်းတွေ ဘယ်လောက်ရှိနေပြီးလဲ ဆိုပြီးတော့မေးပါတယ်” ဟု အုပ်ဖိုကန်ကျေးရွာမှ တောင်သူ ဦးကျော်နိုင်ဝင်းကပြောသည်။

တောင်သူများမှ ၎င်းတို့၏လယ်မြေများအတွက် လယ်တစ်ဧကကို ကာလပေါက်ဈေး သိန်း ၂၀၀ ရရှိရန် တောင်းဆိုကြပြီး ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေမရရှိမည်ကိုလည်း စိုးရိမ်နေကြသည်။

“စိုးရိမ်တာက ကာလပေါက်ဈေးက တစ်ဧကကို သိန်း ၂၀၀၊ ၂၃၀ ဖြစ်နေတယ်။ အဲဒီပေါက်ဈေးအတိုင်း အစိုးရကမပေးမှာကို စိုးရိမ်ကြတာပါ။ ကျွန်တော်တို့က သိန်း ၂၀၀ လိုချင်တာပါ။ ဒီလောက်မရရင် ကျေနပ်မှု ရှိမှာမဟုတ်ပါဘူး”ဟု မောင်ရွှီကန်ကျေးရွာမှ တောင်သူ ဦးမောင်မြသာကဆိုသည်။

လက်ရှိတွင် မြို့သစ်စီမံကိန်းအတွက် အဆိုပါမြေနေရာအား အစိုးရမှလိုအပ်ကြောင်း ထုတ်ပြန်ထားခြင်း မရှိ သေးကြောင်း၊ တောင်သူများအား ကာလပေါက်ဈေးအတိုင်းပေးသင့်ကြောင်း တောင်သူလယ်သမားများ ဥပဒေ အထောက်ကူပြုကွန်ရက်မှ တာဝန်ခံ ဦးကျော်ထွီးက ပြောဆိုသည်။

“ပြောရမယ်ဆိုရင် ကာလပေါက်ဈေးမကျရင် နစ်နာမယ်။ အဲဒီတော့ လယ်သမားတွေစိုးရိမ်ကြတာပေါ့။ အဲလိုမပေးရင် အစိုးရကမြေလုတဲ့သဘောဖြစ်သွားနိုင်တယ်။ ဒီကိစ္စကို ဥပဒေနဲ့အညီပဲ အကောင်ထည်ဖော် စေချင်တယ် ” ဟု ဦးကျော်ထွီးက ဆိုသည်။

ယခုစီမံကိန်းသည် မြောက်ဦးမြို့ ယူနီစကိုဝင်ရောက်နိုင်ရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မြောက်ဦးမြို့အတွင်းရှိ ရှေးဟောင်းဘုရားများနှင့်မလွတ်ကင်းသည့်နေရာများမှ နေအိမ်များကို ပြောင်းရွှေ့ ပေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ဆွေးနွေးမှုများရှိသော်လည်း ၎င်းနေအိမ်များကို အစိုးရမှ တရားဝင် အကြောင်းကြားထားခြင်းမရှိသေးပေ။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...