ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်အတွက် အထူးအယူခံတင်ထား

ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်အတွက် အထူးအယူခံတင်ထား

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတို့နှင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသော အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အတွက် နောက်ဆုံးအထူးအယူခံအား နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ တင်ထားကြောင်း အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့က ဒေါက်တာအေးမောင်၏ နောက်ဆုံးအယူခံကို တင်ထားခဲ့ခြင်းဖြစ်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

“ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ခုံရုံးနဲ့ စစ်ဆေးပေးဖို့တင်ထားတာ။ ဒေါက်တာအေးမောင်ကို ချမှတ် ထားတာ ဥပဒေနဲ့မညီတဲ့အတွက် တရားစီရင်ရေးမှာပြဿနာတွေရှိတယ်။ အဲဒီပြဿနာတွေကို ဖော်ထုတ် ဆုံးဖြတ်ပေးဖို့ဆိုပြီးတော့ အထူးအယူခံတက်တာ” ဟု ဦးအောင်ကျော်စိန်က ဆိုသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာ အာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်စာပေဟောပြောပွဲတွင် ဟောပြောချက်များနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ-၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးက မတ်လ ၁၉ ရက်နေ့တွင် ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

ထိုသို့ အမိန့်ချမှတ်မှုကို ကျေနပ်မှုမရှိသဖြင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ဘက်မှ အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံတက်ရောက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ယခု အထူးအယူခံတင်ရာတွင် ဒေါက်တာအေးမောင်အနေဖြင့် စစ်မက်ပြိုင်ဆိုင်ခြင်းမရှိ၊ သူဟောပြောခဲ့သည့် အသံဖိုင်မှာ မူရင်းမဟုတ်ပဲ မိတ္တူဖြစ်နေခြင်းအပြင် ဟောပြောမှုတစ်ခုအတွက် အပြစ်သုံးခုပေးထားသည်တို့မှာ ဥပဒေနှင့်မညီဘဲ ကွာဟချက်များရှိနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ လက်ရှိတရားရုံးကဆုံးဖြတ်ပေးတာဟာ မှားတယ်ဆိုပြီးတက်တာ။ အခုတော့ တရားရုံးအဆုံးအဖြတ် ဘယ်လိုလာမယ်ကိုတော့ မသိသေးဘူး။ ကိုယ့်ဘက်ကတင်ပြထားတာကို လက်ခံ၊ မခံကိုစောင့်ကြည့်ရမယ်။ တရားဥပဒေမှန်ကန်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတင်ထားသည့် အထူးအယူခံနှင့်ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ မည်သည့်နေ့တွင် အကြောင်းပြန်ကြားမည်ကို မသိရသေးပေ။

ထို့အတူ စာရေးဆရာဝေဟင်အောင်အတွက်လည်း အထူးအယူခံတက်ရောက်ရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

“ဝေဟင်အောင်အတွက် အထူးအယူခံတော့ မတင်ရသေးဘူး။ ဒါပေမယ့် တင်ဖို့လုပ်နေပါတယ် ” ဟု ဒေါ်အေးနုစိန်ကဆိုသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ဖမ်းဆီးခံထားရသည်မှာ လက်ရှိအချိန်ထိ ၁ နှစ်နှင့် ၉ လမျှ ရှိနေပြီဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...