ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၇၀၆ စု၊ လူဦးရေ ၃၀၀၀ ကျော်ရှိပြီး စခန်းရှိဆန်များမှာ လေးရက်တာမျှ စားသုံးရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။
“ငါးရက်တစ်ခေါက် ဆယ်ရက်တစ်ခေါက် ဆန်ကို ဝေမျှရတယ်။ ဆန်ကရှိတော့ရှိတယ်။ ဒါပေမယ့် သုံးရက် လေးရက်စာလောက်ပဲ ရှိတော့တယ်” ဟု ကိုယ်တော်နှင်းခါးက မိန့်သည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် တစ်လလျှင် ဆန်အိတ် ၉၀၀ ကျော် ကုန်ကျမှုရှိကာ ICRC အဖွဲ့မှ ကူညီ မှုများရှိသော်လည်း လက်ရှိမှာ စားနပ်ရိက္ခာလိုအပ်မှု ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၆ သောင်းကျော်အထိ ရှိလာပြီး စခန်းအတွင်းရှိသူ ၂ သောင်းကျော်နှင့် စခန်းပြင်ပတွင်ရှိသူ ၄ သောင်းကျော်ဖြစ်ကြောင်း စစ်ဘေး ဒုက္ခသည်စာရင်းများ ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)မှ ယခုလအတွင်း ထုတ်ပြန်ခဲ့သည်။
စစ်ဘေးဒုက္ခသည်များအတွက် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့တွင် လိုအပ်ချက်များရှိနေပြီး ဒုက္ခသည်များကို ကူညီရန် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ICRC နှင့် WFP အဖွဲ့နှစ်ခုကိုသာ ပြည်နယ်အစိုးရအဖွဲ့မှ သွားရောက်ကူညီရန် ခွင့်ပြုထားကာ အခြားအဖွဲ့များကို ၎င်းဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားသည်။







