တပ်မတော် အမြှောက်စခန်းများကို AA ဝင်တိုက်၊ ရခိုင်စစ်မျက်နှာ တိုက်ပွဲများပြင်းထန်

တပ်မတော် အမြှောက်စခန်းများကို AA ဝင်တိုက်၊ ရခိုင်စစ်မျက်နှာ တိုက်ပွဲများပြင်းထန်

ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ လက်နက်ကြီးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မင်းပြားမြို့နယ်တို့တွင် သြဂုတ်လ ၂၈ ရက်နေ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ULA/AA က ပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့က တပ်မတော်ရဲ့ လက်နက်ကြီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ULA/AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“တိုက်ပွဲတွေကတော့ နေ့စဉ်ရက်ဆက် ထပ်ပြီးတော့ ဖြစ်နေတာပဲ ဒီနေ့မှာလည်းပဲ ကျနော်တို့ ဒီမြောက်ဦးမြို့ နယ်နဲ့ ကျောက်တော်မြို့နယ် နောက် ဘူးသီးတောင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်တာရှိတယ်။ ဆိုတော့ ဒီသြဂုတ်လ ၂၈ ရက် မနက် ၄ နာရီခွဲ ကနေပြီးတော့ မနက် ၉ နာရီခွဲလောက်အထိ ဒီမြောက်ဦးမြို့နယ် လင်းမြွေတောင်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်တာရှိတယ်။ ဆိုတော့ အဲဒီမှာတော့ ဒီဗမာစစ်တပ်ရဲ့ လက်နက်ကြီး စခန်းပေါ့နော အဲဒီ အမြောက်စခန်းကို ကျနော်ဖက်ကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်တာ” ဟု ခိုင်သုခ က ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း “အဲဒီမှာတော့ ဗမာစစ်တပ်ဖက် လည်း အများကြီး အထိနာသလို ကျနော်တု့ိဖက်က လည်း ထိခိုက်ကျဆုံးမှုတွေ နည်းနည်းပါးပါး ရှိတာရှိတယ်။ ဆိုတော့ တိုက်ပွဲကတော့ တော်တော်လေးပြင်း ထန်တာပေါ့” ဟု ULA/AA က ပြောသည်။

တပ်မတော်အနေဖြင့် ၎င်းတို့အား အင်အားသုံးပြီး ထိုးစစ်ဆင်မှုများ ဆက်တိုက်လုပ်လာသည့်အတွက် ပြန်လည် ခုခံစစ်ကို ဆင်နွှဲရခြင်းဖြစ်ကြောင်း၊ စစ်မျက်နှာပိုမိုကျယ်ပြန့်လာခြင်းဖြစ်သည်ဟု ခိုင်သုခက ဆက်ပြောသည်။

“အဓိကကတော့ တိုက်ပွဲဖြစ်နေတဲ့ ဥစ္စာ ဗမာစစ်တပ်ဖက်က အင်အား အလွန်အကျွံသုံးပြီးတော့ သူတို့ဒီထိုးစစ် ဆင် တိုက်ခိုက်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တု့ိကလည်း ဒါခံစစ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရတဲ့ သဘော အဲဒီကြောင့်မို့လို့ တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာသလို တိုက်ပွဲဖြစ်တဲ့ ဧရိယာကလည်း ပိုပြီးတော့ ကျယ်လာတယ်။”

လက်ရှိတိုက်ပွဲများနှင့် ပတ်သက်၍ လမ်းလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့များကို AA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက သတင်းမီဒီယာတွေကို ဖြေ ကြားထားသည်။

သြဂုတ်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၃ မြို့နယ်တွင် တနေကုန်နီးပါး တိုက်ပွဲများ ပြင်းထန် ခဲ့ပြီး ဘူးသီးတောင်မြို့နယ်ထဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့သည် ဟု ULA/AA က အတည်ပြုပြောသည်။

ULA/AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က “ဘူးသီးတောင်ဖက်မှာလည်းပဲ တိုက်ပွဲ အပြင်းအထန် ဖြစ်တာရှိတယ်။ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဖက်ပေါ့နော အဲဒီမှာ ဗမာစစ်တပ်ဖက်က အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းတစ်ခုကို ကျနော်တု့ိဖက်က ပိတ်ဆို့ချေမှုန်းတဲ့အခါ ဗမာစစ်တပ်ဖက်က နေပြီးတော့ ဒီတပ်ရင်းမှူး အဆင့်တွေ ကျဆုံးတာရှိတယ်။ ဆိုတော့ ဒီနေ့တစ်နေကုန်နီးပါး အဲဒီမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေကြတာပေါ့” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ထိပ်ဝပြင်ကျေးရွာအနီး လက်နက်ကြီးကျည်များ ၄ ကြိမ်ထက်မနည်း ကျရောက် ခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါတိုက်ပွဲများကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းအား ယာယီ ပိတ်ထားရသည်ဟု ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာက စစ်ရေးအခြေအနေက အတော်လေးကို တင်းမာနေတာဗျ။ မနေ့က လမ်းတွေပိတ်လိုက်တာပါ။ ယာယီ ပေါ့၊ လူထုတွေကလည်း ကြောက်နေကြတယ်။ ရှေ့မှာ ဖြစ်တဲ့တိုက်ပွဲတွေမှာလည်း လူထု တွေပိတ်မိနေတာမျိုး တွေ ရှိတယ်။ အခုလည်း လူထုကို ပစ်မှတ်ထားပြီး ပစ်တာမျိုးက ရှိတယ်။ လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ် တယ်။ ပြီးရင် တပ်မတော်က ရမ်းပြီးပစ်တာမျိုး၊ လူထုကို ပစ်မှတ်ထားပြီး ပစ်တာမျိုးတွေ အများကြီးရှိခဲ့တယ်။ အခုက စိုးရိမ်ထိတ်လန့်နေကြတာပေါ့နော်” ဟု ကျောက်တော်ဒေသခံ တစ်ဦး က ပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာ အရှေ့ဘက်၊ ပေါက်ပင်ကွင်းကျေးရွာအနီးရှိ “လင်းမြွေတောင်” တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ မြောက်ဦးမြို့နယ်အတွင်းက တောင်ဦးကျေးရွာနားတွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အလားတူ ကျောက်တော်မြို့ ရှိ စကခ(၉)နှင့် ဒေါင်းတော်ရိုးကျေးရွာအနီးရှိ တပ်မတော်၏ လက်နက်ကြီးစခန်း တို့ကို ULA/AA က ဝင်ရောက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ပြောသည်။

ထို့အပြင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာနှင့် ရွှေကျင်ကျေးရွာအနီးတွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

ပန်းမြောင်းကျေးရွာမှ ဒေသခံ ၄၀၀၀ နီးပါးခန့်နဲ့ အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရွာသားများ သည် တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်များ ကျေးရွာထဲသို့ ကျရောက်နေခြင်း၊ တပ်မတော်မှ လေယာဉ် များဖြင့် လာရောက်ပစ်ခတ်မှုများကြောင့် ကျေးရွာများတွင် မနေရဲကြပဲ စစ်ဘေးလွတ်ရာ၊ စစ်ပွဲများ သက် ရောက်မှု မရှိသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...