မြောက်ပိုင်းအဖွဲ့များ၏လုံခြုံရေးကို တရုတ်အစိုးရမှ အာမခံချက်ပေး၍ ကျိုင်းတုံတွင် အစိုးရနှင့်ဆွေးနွေးမည်

မြောက်ပိုင်းအဖွဲ့များ၏လုံခြုံရေးကို တရုတ်အစိုးရမှ အာမခံချက်ပေး၍ ကျိုင်းတုံတွင် အစိုးရနှင့်ဆွေးနွေးမည်
Photo - Myanmar State Counselor Office Facebook
Photo - Myanmar State Counselor Office Facebook

မြောက်ပိုင်းအဖွဲ့များ၏ လုံခြုံရေးကို တရုတ်နိုင်ငံအစိုးရမှ အာမခံချက်ပေးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သြဂုတ်လ ၃၁ ရက်နေ့တွင် အစိုးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။

မြောက်ပိုင်း ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် အစိုးရငြိမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

ထိုသို့ တွေ့ဆုံရန် AA မှ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီး ဗိုလ်မှူးကြီးကျော်ဟန်အပါအဝင် ကိုယ်စားလှယ် ၆ ဦးသည် သြဂုတ်လ ၃၀ ရက်နေ့တွင် သွားကြမည်ဖြစ်ကာ (Bilateral)ခေါ် ပဏမအပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေးကို ဦးစားပေးဆွေးနွေးကြမည်ဖြစ်ကြောင်း (AA)ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။

“ငြိမ်းချမ်းရေးကို လိုချင်ရင်၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့အပြောအဆို အပြုအမူတွေကို အစိုးရနဲ့ စစ်တပ်ဘက်က လုပ်ဖို့လိုတယ်။ အဲလိုဆိုတော့ ကျနော်တို့ဘက်ကလည်း အကောင်းဆုံး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်မယ်ပေါ့” ဟု ၎င်းက ပြောသည်။

မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရတို့ ဧပြီလ ၃၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌တွေ့ဆုံခဲ့ပြီး နောက်ထပ်တွေ့ဆုံရန် အစိုးရက မိုင်းလားမှာ အဆိုပြုခဲ့ရာ KIA မှလွဲ၍ ကျန် ၃ ဖွဲ့က လုံခြုံရေးအရ မတွေ့ဆုံနိုင်ခဲ့ပေ။

အစိုးရက ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော်(AA) အခြေချခွင့်မပြုဘဲ လိုင်ဇာမှာသာ ခွင့်ပြုသည့်ကိစ္စမှာ နှစ်ဖက် အငြင်းပွားစရာ ဖြစ်နေကြသည်။

“AA/ULA ကို ရခိုင်ပြည်နယ်မှာ လက်မခံဆိုတဲ့ပုံစံမျိုးကတော့  ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျနော်တို့ဖက်ကလည်း အလျော့အတင်း လုပ်လို့မရဘူး။ ရခိုင်ပြည်နယ် ရခိုင်တပ်ရှိရမယ်” ဟု ခိုင်သုခက ပြောသည်။

လက်ရှိအချိန်၌ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့၏ တိုက်ပွဲများမှာလည်း ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။

တပ်မတော်မှ မြောက်ပိုင်းအဖွဲ့များကို ဇွန်လ ၃၀ ရက်က NRPC မှ တစ်ဆင့် ပေးပို့ခဲ့သော ပဏာမ အပစ်ရပ်စာချုပ်ပါ အချက်အလက်များမှာ ဆက်လက်တွေ့ဆုံပွဲများအတွက် အတားအဆီးဖြစ်နေသဖြင့် မိမိတို့အနေဖြင့် လက်မခံနိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သြဂုတ် ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်လမ်းဖြင့် ဖြေရှင်းလိုသည့်ဆန္ဒ အပြည့်အဝရှိသောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် FPNCC ၏ နိုင်ငံရေးဦးဆောင်မှုတို့ကို အလေးအနက်ခံယူကာ နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်းကို ၎င်းတို့သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်၌ မြန်မာစစ်တပ်သည်  တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအား ပြုလုပ်၍ရနိုင်သော်လည်း ရခိုင်ဒေသတစ်ခုတည်းကိုချန်လှပ်ပြီး တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား ကြေညာခဲ့သောကြောင့် နောက်ဆက်တွဲဖြစ်ရပ်များမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အား ထိခိုက်စေခဲ့ကြောင်း ညီနောင် ၃ ဖွဲ့ ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

စစ်တိုင်း ၅ တိုင်း၌ တပ်မတော်က တစ်ဖက်သတ်အပစ်ခတ်ရပ်စဲထားသော သက်တမ်းကာလသည် သြဂုတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

photo; Myanmar State Counselor Office Facebook

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...