ဖျောက်ဖျက်မရနိုင်ပြီ ရင်ထဲက ကရင့်အာဇာနည်

ဖျောက်ဖျက်မရနိုင်ပြီ ရင်ထဲက ကရင့်အာဇာနည်

လာမည့် သြဂုတ်လ ၁၂ရက်နေ့သည့် ၆၉နှစ်မြောက် ကရင့်အာဇာနည်နေ့ ဖြစ်သည်။ အာဇာနည်ဟူသည် အများပြည်သူ အကျိုး အတွက် အမှန်တရားဘက်မှရပ်တည်ကာ ကိုယ်ကျိုးစွန့်၊ ပေးဆပ်အနစ်နာခံကာ အသက်စွန့်ပြီး လုပ်ဆောင်ခဲ့သူများကို ဆိုလို သည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် အာဇာနည်ပုဂ္ဂိုလ် များစွာ ရှိသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အသက်စွန့် သွားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ထူး ၉ဦးရှိသည်။ ၎င်းတို့သည် တိုင်းပြည်၏အာဇာနည်များဖြစ် သကဲ့သို့ ၎င်းတို့ကျဆုံးခဲ့သည့် ဇူလိုင်လ ၁၉ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားကို တစ်နိုင်ငံလုံး ကျင်းပလေ့ရှိကြ သည်။ ထို့အပြင် တိုင်းရင်းသားမျိုးနွယ်စုအသီးသီးတွင်လည်း အာဇာနည်ပုဂ္ဂိုလ်များရှိကာ ၎င်းတို့သည် သက်ဆိုင်ရာ မျိုးနွယ်စု တိုင်းရင်းသားများ၏ အာဇာနည်ပုဂ္ဂိုလ်များပင်ဖြစ်သည်။

ကရင့်အမျိုးသားများအတွက်မူ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကရင့်နိုင်ငံရေးနှင့် တော်လှန်ရေး မျိုးစေ့ချပေးခဲ့သူ စောဘဦးကြီးကို ကရင့်အာဇာနည်ပုဂ္ဂိုလ်အဖြစ် ကရင်ပြည်သူလူထုက သတ်မှတ်ထားကြသည်။ သို့သော် နှစ် ပေါင်း ၆၀ခန့် တစ်ပါတီနှင့် စစ်အာဏာရှင်စနစ်ကျင့်သုံးပြီး သတင်းအမှောင်ချ၊ ဝါဒဖြန့်ချိရေး အုပ်ချုပ်မှုအောက်တွင် သမိုင်း ဖျောက်ခံခဲ့ရသည့်အတွက် တိုင်းရင်းသားများ၏ အာဇာနည်များအကြောင်းမှာ မှေးမှိန်ခဲ့ရသည်။

အမှန်စင်စစ် ကရင်တိုင်းရင်းသားများ၏ အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီးမှာ ၁၉၂၉ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေ ဘွဲ့ကို ရရှိထားခဲ့သူဖြစ်သည်။ သူသည် ၁၉၄၅ခုနှစ်၊ သြဂုတ်လ ၁၉ရက်နေ့တွင် နေသူရိန်အစည်းအဝေး၌ ပြန်ဖွဲ့စည်းသည့် ဖဆ ပလ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ခဲ့ပြီး ၁၉၄၆ခုနှစ်တွင် ဆာဟူးဘတ်ရန့်စ်နှင့် ဖဆပလ ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရအဖွဲ့ တွင် ဝန်ကြီးတစ်ဦး ဖြစ်ခဲ့သည်။ သူသည် ၁၉၄၇၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကရင်အဖွဲ့အစည်း လေးဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်း ထားသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဖွဲ့ဝင်တဦးဖြစ်ကာ ထိုနှစ်တွင်ကျင်းပသည့် ကေအဲန်ယူ အရေးပေါ် အစည်းအဝေးတွင် ဥက္ကဌအဖြစ် တာဝန်ပေးခြင်းခံရသည်။

ထိုတာဝန်များကို ထမ်းဆောင်ရင်း ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ (ထိုစဉ်က ကျိုက္ခမီခရိုင်)၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာတွင် ရန်သူကို ခုခံတိုက်ခိုက်ရင်း ကရင့်အမျိုးသားတော်လှန်ရေးအတွက် အလောင်း ပင် မြေချခွင့်မရဘဲ အသက်စွန့်သွားခဲ့ရသည်။ နှစ်အလီလီ၊ ခေတ်အဆက်ဆက် မည်သို့ပင် ဖိနှိပ်အုပ်ချုပ်၊ သမိုင်းဖျောက်ခဲ့စေ ကာမူ ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီး ကျဆုံးခဲ့သည့် သြဂုတ်လ ၁၂ရက်နေ့ကို ကရင်အမျိုးသားအာဇာနည်နေ့ဟု သတ် မှတ်ခဲ့ကြသလို ကရင့်တော်လှန်ရေးနယ်မြေတွင် ကရင့်အာဇာနည်နေ့ အခမ်းအနားများကို ကေအဲန်ယူက နှစ်စဉ် အစဉ်အလာ မပျက် ကျင်းပခဲ့ကြသည်။

၂၀၁၂ခုနှစ်တွင် ကေအဲန်ယူက ဦးသိန်းစိန်အစိုးရနှင့် အပစ်ရပ်ပြီးနောက် ၂၀၁၃ခုနှစ်တွင် ရန်ကုန်မြို့၌ ကရင့်အာဇာနည်နေ့ကို ကျင်းပခဲ့သည်။ သို့သော် မတည်ငြိမ်သေးသည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများအရ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် တွင်မူ ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် တားဆီးပိတ်ပင်မှုများရှိကာ ထိုကြားကပင် ရန်ကုန်မြို့ အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖားအံမြို့တို့တွင် ကျင်းပနိုင်ခဲ့သည်။ ယခုနှစ်တွင် ကျင်းပနိုင်ရေးအတွက် ကိုမူ အခက်အခဲမျိုး စုံကြုံတွေ့နေရပြီး သက်ဆိုင်ရာ ခွင့်ပြုချက်ရမှသာ ခန်းမနေရာကို သတ်မှတ်စီစဉ်မည်ဟု ရန်ကုန်ကရင့်အ သိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။

ယခုလို တားဆီးပိတ်ပင်မှုများသည် နိုင်ငံတွင်းနေ တိုင်းရင်းသားလူမျိုးစုတစ်ခု၏ သမိုင်းကြောင်းဆိုင်ရာ ပြန်လည်ဖော်ထုတ်ခြင်း ကို မလိုလားရာ ကျသလို လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေသည့် အခြေအနေကို များစွာ ထိခိုက်စေနိုင်ပါသည်။ နှစ်ပေါင်းများစွာ မိမိကံကြမ္မာ မိမိမဖန်တီးနိုင်သေးသည့် တိုင်းရင်းသားများအတွက်မူ ဖိနှိပ်ခံနေရ ဆဲ အခြေအနေဟုသာ ထင်မြင် ယူဆသွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ မည်သည့်နည်းဖြင့် ဟန့်တားပိတ်ပင်မှုများ ရှိနေစေကာမူ ကရင်တို့၏ ရင်ထဲတွင်ရှိသည့် ကရင့်အာဇာနည်များကိုမူ ဖျောက်ဖျက်၍ ရနိုင်မည်မဟုတ်ပေ။

April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...