အမေရိကန်အစိုးရ၏ မြန်မာစစ်ခေါင်းဆောင် ၄ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်းသည် အစိုးရကို ထိခိုက်စေမှာမဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီးများ၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများကိုသာ ထိခိုက်စေမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာကြီး Lazum Kam Hpang (လဇွမ်ကမ်ဖန်) က ပြောပါသည်။
အမေရိကန်နိုင်ငံခြားရေးဌာနက ဒဏ်ခတ်အရေးယူလိုက်သည့် ပုဂ္ဂိုလ်လေးဦးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦး နှင့် ဗိုလ်ချုပ် အောင်အောင် တို့ဖြစ်ကြပါသည်။
“ပိုပြီး ဆက်နွယ်အောင်ပြောရမယ်ဆိုရင် စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီ စတာတွေက ထိခိုက်မယ်။ အမေရိကန်က အခြေအမြစ်တစ်ခုကိုင်မိပြီဆိုတာနဲ့ သူတို့နဲ့ ဆက်နွယ်တဲ့မိသားစု၊ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေမှာ ရှိတဲ့ သူတို့ရဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ပင်ခံရနိုင်တယ်။ သူတို့ သားသမီးတွေ ကျောင်းတက်နေတာ ရှိရင်လည်း ထိခိုက်နိုင်တယ်။ ဒါကြောင့် သိပ်တော့မလွယ်လှဘူး” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေချိန် ဆရာကြီး Lazum Kam Hpang က ဆိုသည်။
ပတ်ဆို့အရေးယူမှုကို အပိုဒ် ၇၀၃၁၊ (ဂ)၊ ၂၀၁၉ ခုနှစ် ဥပဒေအရ နိုင်ငံခြားအစိုးရ အရာရှိများနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု နှင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုရှိကြောင်း ခိုင်လုံသော အချက်အလက်ရှိလျှင် ကျူးလွန်သူ ပုဂ္ဂိုလ်တွေနှင့် မိသားစုဝင်တွေဟာ အမေရိကန်နိုင်ငံအတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပါသည်။
ယခုလို ဒဏ်ခတ်အရေးယူလိုက်ခြင်းသည် တပ်မတော် ခေါင်းဆောင် ၄ ဦးမက ၎င်းတို့၏ မိသားစုဝင်များပင် ထိခိုက်လာနိုင်သောကြောင့် စစ်ဗိုလ်ချုပ်များအနေဖြင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ကြောင်း ဆရာကြီးက ယခုလို သုံးသပ်သည်။
“တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ လူထုကိုမှားခဲ့ပါပြီ။ တိုင်းရင်းသားတွေကိုလည်း မှားခဲ့ပါပြီ။ ဒါကို လူထုအနေနဲ့ နားလည်ခွင့်လွှတ်ပေးပါ။ ပြီးတော့ တက်ညီလက်ညီ နိုင်ငံတော် ဆက်လက်တည်ဆောက်သွားရအောင်လို့ သူတို့ဘက်က လမ်းဖွင့်လာရင်တော့ သူတို့အတွက် အခြေအနေကောင်းလာမယ်။ အဲလိုမဟုတ်ရင်တော့ မလွယ်လောက်ဘူး။” ဟု ဆိုသည်။
မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ်မြောက်ဘက် ရိုဟင်ဂျာလူမျိုးများပေါ် မြန်မာ့တပ်မတော်၏ ဥပဒေမဲ့ နယ်မြေရှင်းလင်းရေးလှုပ်ရှားမှုများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်စုပေါ်ပြစ်မှုကျူးလွန်မှုများကြောင့် တပ်မတော်ထိပ်ပိုင်းအရာရှိ ၄ ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူမှုကို ဇူလိုင် (၁၆)ရက်နေ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုကို ဘာသာရေးလွတ်လပ်ခွင့်အတွက် ရောက်ရှိနေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson ကလည်း တပ်မတော်ခေါင်းဆောင်များကို ယခုလို အရေးယူလိုက်ခြင်းကို ကျေးဇူးတင်ကြောင်း ဇူလိုင် ၁၇ ရက်နေ့ သမ္မတ Trump နှင့် အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါသည်။







