ကချင်ပြည်နယ် အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာနှင့်နီးကပ်လျှက်ရှိ ပြည်သူ့စခန်းသစ်ကို လုံခြုံရေးအရ စိုးရိမ်ရဖွယ်ရှိသောကြောင့် ရွှေ့ပြောင်းပေးရန် ဟူးကောင်းရွာသားများနှင့် စစ်ရှောင်များ တောင်းဆိုနေကြပါသည်။
အဆိုပါ ရှမ်းနီပြည်သူ့စစ် စခန်းကို မြန်မာစစ်တပ် ခလရ (၂၉၇) အကာအကွယ်ပေးမှုအောက် Shahtuzup ကျေးရွာ နှင့် Lawt Ja စစ်ရှောင်စခန်းများနှင့်နီးကပ်သည့် စံပြကျေးရွာတွင် မေလကတည်းက အခြေစိုက်လာခြင်းဖြစ်သည်။
ကျေးရွာနှင့်ကပ်ပြီး တပ်စခန်း မထားပေးရန်အတွက် တာဝန်ရှိသူနှင့်တွေ့ဆုံပြီး တင်ပြတောင်းဆိုခဲ့သော်လည်း ‘အထက်အမိန့်ကြောင့် လုပ်ရခြင်းဖြစ်သည်’ ဟု ပြောဆိုလာကြောင်းကို စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလယ်မယ်သား (Lay May Ta) က ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။
“ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး မလုပ်ခင်ကတည်းက တာဝန်ရှိသူနဲ့တွေ့ဆုံပြောဆိုခဲ့တယ်။ တပ်စခန်း ထားဖို့က ဒေသခံတွေလည်း သဘောတူမှာမဟုတ်ဘူး။ ပြီးရင် ဒီနေရာမှာက စခန်းထားဖို့ အဆင်မပြေဘူး။ ကျေးရွာနဲ့လည်းအလွန်နီးတယ်။ အနားမှာလည်း စစ်ရှောင်စခန်းလည်းရှိတယ်။ ပြီးရင် ဒီအနီးနားမှာဘဲ ကချင်လွတ်လပ်ရေးတပ်မတော် တွေလည်းရှိတယ်။ ဒေသခံတွေက တစ်ခုခုဖြစ်လာမှာကို စိုးရိမ်နေကြတယ်” ဟု သူကဆိုသည်။
တနိုင်းမြို့နယ်အတွင်း ၂၀၁၇ တပ်မတော် နှင့် KIA တို့ တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ရသည့် Lawt Ja စခန်း စစ်ရှောင်များလည်း အလွန်စိုးရိမ်နေကြာင်းကို စခန်းတာဝန်ခံ Sara Zau Aung က ယခုလိုပြောသည်။
“ယခုဆောက်ထားတဲ့ စခန်းက အားလုံးမြင်တဲ့အတိုင်းပါပဲ ရွာနဲ့ အင်မတန် နီးတယ်။ ကျနော်တို့ စစ်ရှောင်စခန်းနဲ့ ဆိုရင်လည်း မလှမ်း မကမ်းမှာ ဘဲ။ ပြောရမယ်ဆိုရင် နှစ်ဖက်စလုံး အချိန်မရွေး ထဖြစ်နိုင်တယ်။ ပြီးရင် အခုဆောက်ထားတဲ့ စခန်းက ဒေသခံပြည်သူတွေ စားဝတ်နေရေးအတွက် သွားလာနေတဲ့ လမ်းမကြီးဖြစ်နေတယ်။ အမှန်တိုင်းပြောရင် စခန်းကို ရုတ်သိမ်းစေချင်တယ်” ဟု ဆရာက ဆိုသည်။
ယခုထားရှိသည့် တပ်စခန်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အလွန်နီးကပ်သည့်အတွက် နှစ်ဖက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်လာနိုင်ပြီး ဒေသခံပြည်သူများကို ထိခိုက်မှုများဖြစ်လာနိုင်သည့်အတွက် သက်ဆိုင် တာဝန်ရှိသူများကိုယ်တိုင် တပ်စခန်းကို ရုတ်သိမ်းပေးစေလိုကြောင်းကို အမည်မဖော်လိုသူ ကျေးရွာအုပ်စု (၅)ခု၏ အုပ်ချုပ်ရေးမှူး က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။
“ဒီမှာက အမြဲလိုလို ဖြစ်နေကြနေရာပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတယ်။ အခုဆိုရွာ အနီးမှာဘဲ ပြုလုပ်ထားတယ်ဆိုတော့ တကယ့်ကို စိုးရိမ်စရာဖြစ်သွားပြီ။ ဖြစ်လာပြီဆိုတာနဲ့ အနီးတဝိုက်ရှိ ဒေသခံပြည်သူလူတွေဘဲ။ ဒါကကြောင့် တပ်စခန်းကို သက်ဆိုင်ရာတာဝန်ရှိသူ တွေအနေနဲ့ အမြန်ရုတ်သိမ်းပေးစေချင်တယ။်”
စံပြကျေးရွာ အပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သည့် Awng Ra (အောင်ရာ) နှင့် Ban Kawk (ဘန်ကောက်) စသည့်ကျေးရွာများမှ ရွာသား (၄၀)ခန့်လည်း ကန့်ကွက်စာ တင်ထားကြောင်း ဆိုပါသည်။
“ကျတော်တို့ ကန့်ကွက်တယ် ဆိုတာကလည်း ကျေးရွာနဲ့အရမ်းနီးတယ်။ ပြီးရင် လက်နက်ကိုင်အချင်းချင်း ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ပြီးရင် ယခုဆောက်ထားတဲ့ နေရာက ကျေးရွာနဲ့ဆိုရင် ပေ ၁၀၀လောက်ပဲရှိနေတယ်” ဟု ကန့်ကွက်မှုတွင်ပါဝင်သူ Slg. La Awng ပြောပါသည်။
တပ်မတော်မှ တဖက်သတ်ထိုးစစ်ရပ်ထားသည့် ထပ်တိုးကာလ ဇွန်လကုန်ထိ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့တို့နှင့် နှစ်ဖက် အပစ်ရပ် လက်မှတ် မရေးထိုးနိုင်လျင် တိုက်ပွဲများ ထပ်မံဖြစ်လာနိုင်ကြောင်း ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ Duwa Lamai Gum Ja ဆိုပါသည်။







