အလယ်တန်းကျောင်းအား မူလနေရပ်သို့ မပြောင်းရွှေ့ရန် Nam San Yang စစ်ရှောင်းများ တောင်းဆို

အလယ်တန်းကျောင်းအား မူလနေရပ်သို့ မပြောင်းရွှေ့ရန် Nam San Yang စစ်ရှောင်းများ တောင်းဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား အ.ထ.က (၁) တွင် ဖွင့်ထားသည့် Nam San Yang အ.လ.က ကျောင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလနေရပ်သို့ပြောင်းရွှေ့တော့မည်ကိစ္စနှင့် ပတ်သက်ပြီး ၎င်းကျောင်းအား ပြောင်းရွှေ့ခြင်း မပြုလုပ်ပေးရန် မိုင်းနား စစ်ရှောင်စခန်း (၄)ခုမှ စာတင်ထားကြောင်း သက်ဆိုင်ရာ စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။

“ဖြစ်နိုင်ရင်တော့ မပြောင်းသေးရင် ပိုကောင်းတယ်။ နယ်မြေလုံခြုံမှုကလည်း မရှိသေးတော့ ပြောင်းဖို့မကောင်း သေးပါဘူး။ ဒါပေမယ့် နမ့်ဆန်ယန်မှာလည်း ကျောင်းသား/သူတွေရှိနေပြီ မဖွင့်မနေရ ဆိုရင်တော့ ကျနော်တို့ နေရပ်မပြန်သေးတဲ့ မိသားစုက ကျောင်းသူ/ သားတွေအတွက် တိကျတဲ့ ကျောင်းပြောင်းလို့ရမယ့် ကျောင်းတွေကို တရားဝင် သတ်မှတ်ပေးစေချင်တယ်။“ ဟု မိုင်းနား Roman Catholic (RC) စစ်ရှောင်တာဝန်ခံ ဆရာ Gum Seng က ပြောသည်။

တပ်မတော်မှ အပစ်အခတ်ရပ် (၄)လသတ်မှတ်ကာလအတွင်း ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်များတွင် နမ့်ဆန်ယန် စစ်ရှောင်များသည် ပထဦးဆုံးနေရပ်ပြန်သည့် စစ်ရှောင်များဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အိမ်ခြေ (၁၇)အိမ်သည် ပထမဆုံးနေရပ်ပြန်ခဲ့ကြပြီး ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်အဖြင့် (၅၄)အိမ် ထပ်မံပြန်လာခဲ့ကြပြီး ယင်းအကြိမ်များတွင် တပ်မတော်မှ နေရပ်ပြန်သည့် စစ်ရှောင်များကို တရားဝင်ပို့ဆောင်သည့် အစီစဉ်များ ပြုလုပ်ခဲ့ကြသည်။

“ဒီကျောင်းက စစ်ရှောင်တွေအတွက်ဆိုပြီး ဖွင့်ထားတဲ့ကျောင်းဖြစ်တယ်။ ခုချိန်မှာ စစ်ရှောင်တွေအနေနဲ့ လည်း မိမိမူရင်းဒေသကို ပြန်နေကြပြီဆိုတော့ ဒီကျောင်းက ပြောင်းရွှေ့သင့်ပြီလို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီကျောင်းက နမ့်ဆန်ယန်ကျောင်းဖြစ်နေလို့ဘဲ။ ဒါကြောင့် ဒီကျောင်းကို နမ့်ဆန်ယန်ကျေးရွာမှာ အရင်လိုကျောင်းမျိုး ပြန်ဖြစ်လာအောင် အားလုံးကြိုးစားရမယ်လို့ မြင်တယ်။" ဟု စစ်ရှောင်များ နေရပ်ပြန်လာရေး ဦးဆောင်ကူညီပေးနေသူ ကချင်နာမည်ကျော် အဆိုတော် Hpaula Gam Hpang က ဆိုသည်။

ယခုလို နမ့်ဆန်ယန် စစ်ရှောင်ကျောင်းပြောင်းရွှေ့ခဲ့လျှင် နေရပ်မပြန်နိုင်သေးသည့် ကျောင်းသူ/ သားများအတွက် အခက်ခဲဖြစ်လာနိုင်ကြောင်း RC စစ်ရှောင်စခန်းတာဝန်ခံ ဆရာ Gum Seng က ပြောသည်။

“ဒီကျောင်းပြောင်းသွားရင်တော့ နေရပ်မပြန်နိုင်သေးတဲ့ ကလေးတွေအတွက် အခက်ခဲက ဘာလဲဆိုရင် ဒီမိုင်းနား မှာရှိတဲ့ တခြားကျောင်းတွေမှာ ကျောင်းသွားအပ်ရတော့မယ်။ အဲဒီချိန်ကျရင် ဒီလောက်များတဲ့ကျောင်းသားတွေကို တခြားကျောင်းတွေကလည်း ဆရာအင်အားနဲ့ကျောင်းသားအင်အား မမျှဘူးဆိုပြီး လက်မခံနိုင်တာတွေရှိလာနိုင်တယ်” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မိုင်းနားကျေးရွာရှိ စစ်ရှောင်စခန်းများဖြစ်သော Kachin Baptist Convention (KBC) စစ်ရှောင်စခန်း၊ RC စစ်ရှောင်စခန်း၊ Assembly of God (AG) စစ်ရှောင်စခန်း နှင့် ရဝမ်ကျောင်း စစ်ရှောင်စခန်းများမှ Nam San Yang အခြေခံပညာအလယ်တန်းကျောင်းအား ပြောင်းရွှေ့ခြင်းမပြုလုပ်သေးရန်နဲ့ ပြောင်းရွှေ့ခဲ့သည် ဆိုသော်လည်း ၎င်းတို့စစ်ရှောင်စခန်းများသို့ တရားဝင် ညွှန်ကြားစာ ဖြန့်ဝေပြီး အကြောင်းကြားပေးပါရန် ပြည်နယ် ပညာရေးမှူးသို့ လိပ်မူပြီး စာတင်ထားကြောင်း သိရသည်။

“ကျမတို့ကျောင်းသားစာရင်းတွေ ခုစကောက်နေပါပြီ စာရင်းပေါ်မူတည်ပြီးမှ အလယ်တန်းအဆင့်ထိ ပြောင်းသင့်မပြောင်းသင့် စဉ်းစားမှာပါ။ တစ်ကယ်လို့ ပြောင်းသွားရင်လည်း ဒီမှာကျန်နေတဲ့ကလေးတွေက နမ့်ဆန်ယန်ကျောင်းက ထွက်ပြီး မိုင်းနား အ.ထ.က မှာ တက်လို့ရပါတယ်။ ဆရာ/မ အင်အားတော့ စိတ်ပူစရာမလိုပါဘူး။ ပိတ်ထားရတဲ့ကျောင်းတွေက ဆရာ/မတွေရှိတယ်။ လိုအပ်တဲ့နေရာမှာ အင်အားဖြည့်လိုက်ရုံပါဘဲ” ဟု ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွှဲ့က ပြောသည်။

မိုင်းနားကျေးရွာရှိ Nam San Yang အ.လ.က ကျောင်းတွင် ကျောင်းသားဦးရေ စုစုပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။

June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...