ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာရှိ သင်္ချိုင်းနယ်မြေတွင် သဲကျောက် ပုံလာသည့်အပေါ် ဒေသခံများ ကန့်ကွက်မူရှိနေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ခုလိုပြောသည်။
“ဒီသင်္ချိူင်းမြေမှာ သဲကျောက် လာပုံတဲ့ ကိစ္စကတော့ ကျနော်တို့ရွာသားတွေ မသိသလောက်ဘဲ ဘယ်အဖွဲ့အစည်းက လာပုံတာလဲ ဘယ်ကုမ္မဏီကလာပုံတာလဲဆိုတာကို မသိတဲ့ဘူး။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူးတို့ကို ဘာဘဲဖြစ်ဖြစ် လူထုတွေနဲ့ ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ အစည်းအဝေးလုပ်ရအောင်လို့ ပြောထားတယ်။
နောင်ချိန်းကျေးရွာတွင်သင်္ချိုင်းမြေနေရာ ၂ နေရာရှိပြီး လက်ရှိသဲကျောက် ပုံထားသည့် နေရာသည် ရပ်ကွက် ၄ နှင့် ၅ ပိုင်သော သင်္ချိုင်းမြေဖြစ်သည်။ အဆိုပါ သဲကျောက်ပုံများသည် နောင်ချိန်းကျေးရွာ ကတက်ကျွန်းမှ သဲကျောက်လုပ်ငန်းရှင်များက ထုတ်ယူထားခြင်းဖြစ်သည်။ ယခုကိစ္စနှင့်ပတ်သက်ြပ်ီး နောင်ချိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယဂျော်ဟောင်းခေါင် က ခုလိုပြောသည်။
“ကျနော့်ကို သင်္ချိုင်းမြေရောင်းစားထားတယ် ဆိုပြီး အထင်လွှဲနေကြတယ်။ ဒီကိစ္စက လုပ်ငန်းရှင်များဘက်က သဲကျောက်ထုတ်မယ်လို့ လာပြောကတည်းက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ခေါ်ပြီး သူတို့နဲ့တိုင်ပင်တယ်။ သူတို့ဘက်က ရပ်ရွာအကျိုးအတွက် အကျိုးရှိမယ်ဆိုရင် လုပ်ရအောင်ဆိုပြီ သဘောတူလို့ အားလုံးဆန္ဒအရ လုပ်ခဲ့တာဖြစ်တယ်။” ဟု ဆိုသည်။
ယင်းသင်္ချိုင်းမြေနေရာသည် မြေဧက အကျယ်အားဖြင့် ၆ ဧကခန့်ရှိပြီး ယခုပုံထားပြီး မြေဧကသည် ၄ ဧကခန့်ရှိပြီဖြစ်သည်။ ယခုလို သင်္ချိုင်းမြေနေရာတွင် သဲကျောက် ပုံခြင်းအားဖြင့် ဒေသခံများအတွက် ဆိုးကျိုးဖြစ်လာနိုင်ကြောင်းကိုတော့ ဒေသခံတစ်ဦးက ခုလိုပြောသည်။
“ဒီသင်္ချိုင်းမြေနေရာနားမှာ ဒိန်ခရတ်ချောင်းရှိတယ်။ ခုလို သဲကျောက်တွေပုံထားပြီဆိုရင် သူတို့လုပ်ငန်းလုပ်ဖို့ ဘဲလေ။ သူတို့ကမျှောစင်လည်း လုပ်ထားတယ်။ ရွှေလောင်းဖို့လား၊ ကျောက်စရစ်တွေလောင်းချ ဖို့လားတော့မသိဘူး။ ဒါပေမယ့် အဲလိုလုပ်နေရင် နောက်ဆိုမြေဇာ၊ နုန်းတွေ က ထူလာပြီး အဲချောင်းပိတ်ဆို့မှုတွေဖြစ်လာမယယ်။ ချောင်းပိတ်ဆို့မှုတွေဖြစ်လာပြီဆိုတာနဲ့ ရွာပတ်လည်မှာရှိတဲ့ လယ်ကွင်းတွေ ရေမြုပ်နိုင်မယ့် အခြေနေရှိတယ်။ ပြီးတော့ ကျနော်တို့ ရွာကအသုဘ ချတာတို့ သင်္ချိုင်းမြေနေရာမှာ ရှင်းတာတို့ဆိုရင် ကျောက်ခဲတွေနဲ့ ရှင်းရခက်မယ်။ နောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။“ ဟုဆိုသည်။
ယင်းကဲ့သို့ ဒေသခံများအတွက် ဆိုးကျိုးများဖြစ်လာနိုင်သည့်အတွက် ဒေသခံများနှင့်လုပ်ငန်းရှင်များအား ထိပ်တိုက်တွေ့ဆုံပေးရန် ဒေသခံများဘက်မှ အုပ်ချုပ်ရေးမှူးထံ တောင်းဆိုထားကြောင်းသိရသည်။
“ဒေသခံတွေနဲ့ ကုမ္မဏီကြားမှာ နှစ်ဖက်နားလည်မှု သဘောတူညီမှု စာချုပ်ချုပ်နိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်။ နှုတ်နဲ့တော့ လွန်ခဲ့တဲ့လက တစ်ခါတွေ့ဆုံပေးပြီ ဒေသခံတွေဘက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ ကုမ္မဏီဘက်ကလည်း သိပြီးသားဖြစ်တယ်။ ခု လုပ်ငန်းပိုင်ရှင်တွေ ခနခရီးထွက်နေလို့ စာချုပ်မချုပ်ဖြစ်သေးတာပါ” ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေသခံများသည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေကြောင်း ဒေသခံများကဆိုသည်။
“ခုတွေ့ဖို့ပြောထားတာတော့ ၂ ပတ်ရှိပြီ ခုထိတော့ ဘာမှ ထူးမလာသေးဘူး။ ကျနော်တို့အနေနဲ့တော့ ဆွေးနွေးဖို့ အဆင်မပြေရင် သက်ဆိုင်ရာအစိုးရဌာန ဝန်ကြီး အဆင့်ဆင့် စာတင်သွားမယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။







