ဒေါ်နန်ပူ အား ထောင်ဒဏ် (၂)လ လျှော့ပေးရန် ပြည်နယ်တရားရုံး စီရင်ချက်ချ

ဒေါ်နန်ပူ အား ထောင်ဒဏ် (၂)လ လျှော့ပေးရန် ပြည်နယ်တရားရုံး စီရင်ချက်ချ

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ပိတ်မိနေသည့်ပြည်သူများလွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားမှုကြောင့် ထောင်ချခြင်း ခံရသူ ၃ဦးအနက် ဒေါ်နန်ပူအား ပြည်နယ်တရားရုံးမှ ထောင်ဒဏ် (၂)လ လျှော့ပေးကြောင်း ယနေ့ မတ်လ ၂၉ ရက်နေ့ စီရင်ချက်ချမှတ်ခဲ့သည်။

၂၀၁၈ ဒီဇင်ဘာလ (၇)ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ လူငယ်ခေါင်းဆောင် (၃)ဦးအား တပ်မတော်ကို အသရေဖျက်စေမှုဖြင့် ထောင်ဒဏ် (၆)လနှင့် ငွေဒဏ် ကျပ် ၅သိန်း စီ ပြစ်ဒဏ်စီရင်ခဲ့ခြင်းကို ‘အပြစ်မရှိကြောင်း အမှုကိုပယ်ဖျက်ပေးရန်’ ပြည်နယ်တရားရုံးသို့ အယူခံပြင်ဆင်ချက် လျှောက်ထားခြင်းဖြစ်သည်။

“ဒီကနေ့ ပြည်နယ်တရားရုံးမှာ စီရင်ချက်ချမှတ်ခဲ့တာက ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ် ၂ဦးက ပြောင်းလဲမှုမရှိဘူး။ နဂိုမူလအတိုင်း မြို့နယ်တရားရုံးက ချမှတ်တဲ့အတိုင်းဖြစ်တယ်။ ဒေါ်နန်ပူ ကိုတော့ ၂လ လျှော့ပေးလိုက်တာ ဖြစ်တယ်။ လျှော့ပေးလိုက်တယ်ဆိုတာက သူက အမျိုးသမီးလည်းဖြစ်တယ်။ ပြီးရင် ကျန်းမာရေးလည်း မကောင်းဘူး။ ဒီအချက်တွေကို ကျမတို့ရှေ့နေတွေက အားလုံးတင်ပြခဲ့တယ်။ တင်ပြခဲ့တဲ့ထဲမှာ တစ်စိတ်တစ်ပိုင်းတော့ လက်ခံခဲ့တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူ က ကချင်သတင်းဌာန KNG ကိုပြောသည်။

ဦးလွမ်းဇောင်းနှင့် ဦးဇော်ဂျတ် တို့နှစ်ဦးအမှုကို ပယ်ဖျက်ပေးရန် ပြည်နယ်တရားရုံးမှ ပယ်ချလိုက်သောကြောင့် အယူခံကို နေပြည်တော်အဆင့်အထိ လျှောက်ထားရန် ဆက်လက်လုပ်ဆောင် သင့် မသင့် အသေးစိတ်ကို မသိရသေးကြောင်း ဒေါ်ဒွဲဘူ ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ထွက်ပြေးရန် တားဆီးထားသော ပြည်သူများကို လွှတ်ပေးရန် လူထုဆန္ဒပြပွဲများကို ၂၀၁၈ ခုနှစ် ဧပြီ ၃၀ မှ မေ ၈ရက်ထိ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲကို စည်းရုံးလုပ်ဆောင်ခဲ့သည့် ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနှင့် ဒေါ်နန်ပူ တို့ကို မြန်မာစစ်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက ပုဒ်မ (၅၀၀) တပ်မတော်ကို အသရေဖျက်မှုဖြင့် မေလ (၈)ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံးသို့ အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်သည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...