မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် နိုင်ငံသားများ၊ ဆင်းရဲနွမ်းပါးသူများအမှု ရင်ဆိုင်ရာ၌ လိုအပ်သည့် ဥပဒေဆိုင်ရာ အကူညီများကို ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ထံ အချိန်မရွေးတောင်းခံနိုင်ကြောင်း မတ်လ၂၈ ရက်နေ့ ကချင်ပြည်နယ်စုပေါင်းရုံး တွင် ကျင်းပပြုလုပ်သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးဖွင့်ပွဲတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် က ပြောသည်။
“နိုင်ငံသားတွေ မတရားသဖြင့် ဥပဒေနဲ့မညီ ဖမ်းဆီးချုပ်နှောင်မှုမျိုးတွေ မဖြစ်အောင် ပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံသားတွေဟာ ရှေ့နေမငှားရမ်းနိုင်တဲ့ ခုခံချေပတဲ့ လမ်းကြောင်းတွေ မပျောက်အောင်ဆောင်ရွက်ပေးမှာပါ။ ဒါ့အပြင် ကလေးသူငယ်တွေ၊ မသန်မစွမ်းတွေ၊ မိန်းမတွေ၊ ခုခံအားကျဆင်းတဲ့သူတွေ၊ နာတာရှည်မကျန်းမာတဲ့သူတွေ၊ နိုင်ငံမဲ့တွေ၊ နိုင်ငံရေးခိုလုံခွင့်တောင်းတဲ့သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ဥပဒေနဲ့အညီ ခုခံချေပပေးဖို့ အကူအညီတွေပေးမှာပါ” ဟု ဆိုသည်။
မသန်မစွမ်းသည့်ကလေးများဖြစ်ကြသည့် နားမကြားသူများ၊ ဆွံ့အ နေသူများအား လူမဆန်သည့် မုဒိမ်းမှုများ ကျူးလွန်ခံရလျှင် ၎င်းတို့အား ဥပဒေအရ နစ်နာသူများဟု သတ်မှတ်ထားကြောင်း သိရသည်။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များသည် အဆိုပါ မသန်မစွမ်း ကလေးငယ်များ တရားရင်ဆိုင်ရာတွင် ငွေအင်အား၊ ဓနအင်အားများရှိသူများ၊ သြဇာအာဏာ ကြီးသူများက အမှုမှန်မပေါ်ပေါက်ရေးအတွက် ဖျက်လိုဖျက်စီးလုပ်ခြင်းမျိုး၊ သက်သေများအား ဖျောက်ဖျက်ခြင်းမျိုး မဖြစ်ရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ပေးကြောင်း ၎င်းကဆိုသည်။
၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ဥပေဒဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ပြည်ထောင်စုတရားလွှွတ်တော်ချုပ်မှ ရွေးချယ်ကာ အစိုးရနှင့်ညှိနိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအဖွဲ့ဝင်များသည် တရားရုံးချုပ်လုပ်သက် အနည်းဆုံး ၁၀ နှစ်အထက်ရှိသည့် သူများဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။







