မြစ်ကြီးနားဂျာနယ် အမူဆောင်အယ်ဒီတာနှင့် သတင်းထောက်တို့အား သခင်စစ်ကုမ္မဏီမှ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုကို ယနေ့ မတ်လ ၁၈ ရက်နေ့ တရားရုံးက အာမခံခွင့် ပေးခဲ့သည်။
အဆိုပါအမူတွင် သတ္တုတူးဖော်ရေးကုမ္မဏီတစ်ခုဖြစ်သည့် သခင်စစ်ကုမ္မဏီသည် ၎င်းတို့ကုမ္မဏီအား တစ်ရူးငှက်ပျောစိုက်သည်ဟု မြစ်ကြီးနားဂျာနယ်မှ ဖေဖော်ဝါရီလ ၂၅ရက်ထုတ် ဂျာနယ်တွင် ဖော်ပြရေးသားထားသောကြောင့် စွဲခြင်းဖြစ်ကြောင်း သိရသည်။
ယခုအမူနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် သတင်းထောက် မွန်းမွန်းပန်က ယခုလိုပြောသည်။
“ဒီသတင်းကတော့ ရွာသားတွေရဲ့ ဆက်သွယ်ချက်အရ ကျမရေးဖြစ်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရွာထဲမှာ ဦးဒိန့်ဆောင်တို့ရဲ့ သခင်စစ်ကုမ္မဏီက ငှက်ပျောစိုက်ဖို့တွက် ဇန်နဝါရီလက စပြီးတော့ ဝင်လာပြီး ရွာထဲမှာ စည်းရုံးရေးတွေဆင်းတယ်လို့ ကြားတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး လူထုတွေ့ဆုံပွဲတွေ လုပ်တယ်လို့ သိရတယ်။ ရွာသားတွေက ကန့်ကွက်တယ် တစ်ရူးငှက်ပျောဆိုအလိုမရှိဘူး တစ်ခြားဟာတွေဆိုရတယ်။ ဒါပေမယ့် သူတို့က တစ်ရူးငှက်ပျောဆိုတဲ့တွက် ရွာသားတွေက သဘောမကျဘူး အဲဒါကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရော စာတင်ထားတယ်။ မြို့နယ်မှာရောစာတင်ထားတယ်။ ခိုင်လုံတဲ့သက်သေရှိလို့ ကျမဒီသတင်းကို ရေးခဲ့တာပါ။ ပြီးတော့ ဒီသတင်းကမှန်ကန်တဲ့ သတင်းဖြစ်တယ်။ အများပြည်သူတွက် အကျိုးရှိတဲ့သတင်းဖြစ်တယ်။” ဆိုသည်။
သတင်းမီဒီယာ ဥပဒေ အခန်း ၁၁၊ ဥပဒေပုဒ်မ ၉ပါ သတင်းသမား ကျင့်ဝတ် စည်းကမ်းများကို ချိုးဖောက်ကြောင်း ထင်ရှားပါက ဥပဒေပုဒ်မ ၃၅ အရ ရှေးဦးစွာ ညှိနှိုင်းဖြေရှင်းရန် ကောင်စီသို့ တိုင်ကြားနိုင်သည်။ ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ(ခ) အရ သက်ဆိုင်ရာရုံးသို့ တိုင်ကြားနိုင်သည်ဟု ပါရှိသည်။ သို့သော် ယခုအမှုသည် ကောင်စီသို့ တိုင်ကြားခြင်းမျိုးမရှိဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့်အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာများကောင်စီ အဖွဲ့ဝင် ဒေါ်သူဇာက ခုလိုသုံးသပ်ပြောဆိုသည်။
“ဒီအမှုကို ကြည့်လိုက်မယ်ဆိုရင် တကယ်တမ်းက ဂျာနယ်ပေါ်ဖော်ပြမူနဲ့ ပတ်သက်ပြီး တရားလိုပြုလုပ်တဲ့ သူဘက်က မကျေနပ်မူတွေကို တွေ့ရတယ်။ ဒါပေမယ့် ကျမတို့ရဲ့မီဒီယာ ဥပဒေအရ မီဒီယာမှာလည်း ဖော်ပြထားပြီးသား ဒီလိုမျိုးသတင်းဖော်ပြမူတွေကို မှားယွင်းတာဘဲဖြစ်ဖြစ် မကျေနပ်တာဘဲဖြစ်ဖြစ် ထိခိုက်မူ ရှိသည်ဘဲဖြစ်ဖြစ် မြန်မာသတင်းမီဒီယာကောင်စီကို အရင်ဆုံးတိုင်ကြားသင့်တယ် ဆိုတဲ့ဟာမျိုးပါတယ်။ တစ်ကယ်တမ်းသာ ကုမ္မဏီဘက်က တရားလိုဘက်က ဒီအချက်ကိုသိပြီးတော့ မြန်မာသတင်းမီဒီယာကောင်စီကို တင်ပြနိုင်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မယ်လို့ ယုံကြည်တယ်။ ဒီလိုလည်း လုပ်သင့်တယ်လို့မြင်ပါတယ်” ဟု ၎င်းအမြင်ကို သုံးသပ်ပြောဆိုသည်။
သခင်စစ်ကုမ္မဏီမှ ဝန်ထမ်းများသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မြစ်ကြီးနား သတင်းတိုက်သို့ သွားရောက်ကာ သတင်းပေးစရာရှိသည်ဟုဆိုကာ မြစ်ကြီးနားဂျာနယ်ရုံးမှ သတင်းထောက် ၂ဦးအား ၎င်းတို့ ကုမ္မဏီသို့ခေါ်ယူကာ ကိုယ်ထိလက်ရောက် ပြုမူခဲ့ကြောင်း သိရသည်။
ယင်းကိစ္စကို မကျေနပ်သည့်အတွက် မြစ်ကြီးနားဂျာနယ်မှလည်း သခင်စစကုမ္မဏီအား ပုဒ်မ ၄ ခုဖြင့်စွဲချက်တင်ထားပြီးဖြစ်သည်။ သို့သော် သခင်စစ်ကုမ္မဏီမှလည်း ၎င်းတို့ကုမ္မဏီအား အသရေပျက်စေသည်ဟု ဆိုကာ တရားရုံးဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ဲခြင်းဖြစ်သည်။
ယခုအမူနှင့် ပတ်သက်ပြီး မြစ်ကြီးနားဂျာနယ်မှ အမှုဆောင်အရာရှိ Brang Mai (ဆရာဘရန်မိုင်) က ယခုလိုပြောသည်။
“ကျနော်တို့က မီဒီယာသမားပီပီ မီဒီယာသမားတွေရဲ့ကျင့်ဝတ်နဲ့အညီ ကျနော်တို့ရေးတဲ့သတင်းက အများအကျိုးတွက် ရေးတဲ့သတင်းဖြစ်တယ်၊ သဘောရိုးနဲ့ရေးတာဖြစ်တယ်၊ အမှန်အတိုင်းရေးထားတာဖြစ်တယ်။ ကျနော်တို့ဘက်က အမှန်အတိုင်းရေးထားတဲ့အတွက် ကျနော်တို့မှာ သက်သေအထောက်အထားရှိတယ်။ ကျနော်တို့ဘက်က သက်သေလိုက်ပေးမယ့် ရွာသူရွာသားတွေရှိတယ်။ အဲဒါကြောင့် ကျနော်အဲဒါတွေအားလုံးကို ပြင်ဆင်သွားမှာဖြစ်တယ်” ဟု ဆိုသည်။
ယခုအမှုအား လာမည့် မတ်လ ၂၅ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။







