မေခ ခေါ် အင်မိုင်ခမြစ်နှင့် ငေါ့ချမ်းခမြစ်ကမ်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်း(၈)ခုကို တရုတ်အစိုးရပိုင် China Power Investment ကုမ္ပဏီမှ ဆောက်လုပ်နေခြင်း လုံးဝရပ်တန့်ပေးရန် ကချင်ပြည်နယ် ချီဖွေမြို့နယ် ရစ်လော်ဌာနေတိုင်းရင်းသားများက နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များနေ့ မတ်လ ၁၄ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဆန္ဒပြပွဲကို ချီဖွေချောင်းဆုံ (အင်မိုင်ခမြစ်ကမ်းနံဘေး)တွင်ပြုလုပ်ခဲ့သည်ဖြစ်ပြီး ရေအားလျှပ်စစ် စီမံကိန်း(၈)ခုမှ မီဂ္ဂါဝပ်စုစုပေါင်း ၈၉၀၀ ကို ထုတ်လုပ်နိုင်ရန် အကျိုးတူ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေအားလျှပ်စစ်အကောင်အထည်ဖော်ဆောင်ရေးဦးစီးဌာန၊ International Energy Cooperation YEIG & Development Co. Ltd (YEIG) နှင့် International Group of Entrepreneurs Co. Ltd (IGE) ကုမ္ပဏီများ အား စီမံကိန်းကို ရပ်ဆိုင်းပေးရန်တောင်းဆိုသည့် ဆန္ဒပြပွဲဖြစ်သည်ဟု ချီဖွေ၊ ဆော့လော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွင်းရေးမှူး တာဝန်ခံ Slg. Lachid Lum Zawng (ဦးလချိတ်လွမ်းဇောင်း)က ပြောဆိုသည်။
“ဒီရေအားလျှပ်စစ်စီမံကိန်းကြောင့် ကျနော်တို့ဒေသခံတွေ ဆုံးရှုံးနစ်နာမှုတွေ တော်တော်များနေပြီ။ မြေယာတွေ သိမ်းဆည်းခံတာရှိတယ်။ သီးနှံပင်လျော်ကြေးတွေ ပြန်လည်ဖြေရှင်းပေးတာ မရှိဘူး။ ပြီးရင်ဒေသခံတွေရဲ့အမွေအနှစ် ဥယျာဉ်ခြံတွေလည်း အများအပြားဆုံးရှုံးခဲ့ရပြီး။ ဒီပြဿနာတွေကိုလည်း သက်ဆိုင်ရာအစိုးရက တာဝန်ယူဖြေရှင်ပေးတာမရှိဘူး။ ဒီစီမံကိန်းကိုလည်း အမြန်ဆုံးရပ်တန့်စေချင်ပြီ” ဟု Slg. Lum Zawng က ကချင်သတင်းဌာန KNG ကို ပြောပါသည်။
ဒေသခံများက ‘ငေါ့ချန်းခ ထာဝစဉ်ရှင်သန်ရေး….ဒို့အရေး၊ မေခမြစ်ထာဝစဉ်ရှင်သန်ရေး…ဒို့အရေး၊ သဘာဝပတ်ဝန်ကျင် ပျက်စီစေမည့် ပြည်တွင်းပြည်ပကုမ္မဏီအလိုမရှိ၊ မေခမြစ်နှင့် ငေါ့ချန်းခမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း အလိုမရှိ၊ မြစ်ချောင်းအင်းအိုင် သဘာဝပတ်ဝန်းကျင် ဌာနေတိုင်းရင်းသားများအပေါ်ဆိုးကျိုးဖြစ်စေမည့် စီမံကိန်းများ အလိုမရှိ’ ဆိုပြီး ကြွေးကြော်ဆန္ဒပြခြင်းဖြစ်သည်။
၎င်း ရေအားလျှပ်စစ်စီမံကိန်း(၈)ခုတည်ဆောက်မှုကို၂၀၀၇ က စတင်အကောင်အထည်ဖော်ပြုလုပ်ခဲ့ သော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြည်တွင်းစစ်ဖြစ်ပွားလာသောကြောင့် ၎င်း စီမံကိန်းကို ခေတ္တခဏသာ ရပ်ဆိုင်းထားသည်ဖြစ်သည့်အတွက် အစိုးရက တရားဝင်ရပ်ဆိုင်းသွားရန် သက်ဆိုင်ရာအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး အမြန်ဆုံးဖြေရှင်ပေး စေလိုကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ရေအားလျှပ်စစ်စီမံကိန်းထုတ်လုပ်မည့် စွမ်းအင်ပမာဏ စာရင်းဇယားအရ ငေါ့ချမ်းခမြစ်ကမ်း တစ်လျှောက် ဂေါလန် (Gaw Lan) စွမ်းအင် ပမာဏ မီဂ္ဂါဝပ် ၁၂၀၊ တုံရှင်းချောင်း (Tongxinqiao) စွမ်းအင် ပမာဏ မီဂ္ဂါဝပ် ၃၄၀၊ ခန်ကန်း (Khan Kan) စွမ်းအင် ပမာဏ မီဂ္ဂါဝပ် ၁၄၀၊ လောင်ဒင် (Laung Din) စွမ်းအင် ပမာ မီဂ္ဂါဝပ် ဏ ၆၀၀နှင့် အင်မိုင်ခမြစ်တစ်လျှာက်တွင် ဝတ်ဆုတ် (Wut Sok) စွမ်းအင်ပမာဏ မီဂ္ဂါဝပ် ၁၈၀၀၊ ခေါင်လန်ဖူး (Hkawnglang Hpu) စွမ်းအင်ပမာဏ မီဂ္ဂါဝပ် ၂၇၀၀၊ ရယ်နန် (Yenam) စွမ်းအင်ပမာဏ မီဂ္ဂါဝပ် ၁၂၀၀၊ ဖီဇော် (Hpizaw) စွမ်းအင်ပမာဏ မီဂ္ဂါဝပ် ၂၀၀၀ စသော စီမံကိန်းဇယားများဖြင့် ရေးဆွဲထားကြောင်း ကို ဒေသခံဌာနေတိုင်းရင်းသားများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အင်မိုင်ခမြစ်၊ ငေါ့ချမ်းခ မြစ်ရိုးတစ်လျှောက်မှာ ကချင်မျိုးနွယ်စုများ၏ ဘိုးဘွားစဉ်ဆက် သမိုင်းဝင်အမွေအနှစ်များတည်ရှိရာဒေသဖြစ်သည့်အတွက် စီမံကိန်းကြောင့် အတင်းအဓမ္မရွှေ့ပြောင်းစေခိုင်းမည်ကို ဒေသခံဌာနေတိုင်းရင်းသားများက အလွန်စိုးရိမ်နေကြကြောင်းကို ဒေသခံဌာနေတိုင်းရင်းသာ ဆရာ Zung Kyi (ဇုန်းကိ) က ပြောဆိုသည်။
“ဒီ အင်မိုင်ခ နဲ့ ငေါ့ချမ်းခဟာဆိုရင် ကျနော်တို့ရဲ့ဘိုးဘွားတွေ နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ ဒေသဖြစ်တယ်။ ဒီမြစ်တွေကို မှီခိုပြီး ဘိုးဘွားစဉ်ဆက် ဓါးမဦးချ လယ်ယာစိုက်ပျိုးရေးကအစ လှေခါးထစ်တွေချပေးခဲ့တယ်။ ပြီးရင် ကျနော်တို့ရဲ့ အသက်မွေးဝမ်ကျောင်းအတွက် အဓိကဒေသတစ်ခုလည်းဖြစ်တယ်။ ကျနော်တို့ကို ဒီရေအားလျှပ်စစ်စီမံကိန်းနဲ့ အတင်းရွှေ့ပြောင်းခိုင်းမည်ကိုလည်း ဒေသခံအားလုံးက အမြဲစိတ်ပူနေကြတယ်” ဟု ပြောဆိုသည်။
ထိုသို့ ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံဌာနေတိုင်းရင်းသားများ လုံးဝကန့်ကွက်နေသည့်ပေါ် ဆက်လက်လုပ်ဆောင်မှုတွေပြုလုပ်နေပါက ဒေသခံပြည်သူများကို သတ်နေတာနဲ့အတူတူဖြစ်သည်ဟု ခံယူကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ဆန္ဒပြပွဲကို တိုင်းရင်းသားရေရာကော်မတီဥက္ကဌ၊ ကချင်ပါတီခေါင်းဆောင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံဌာနေတိုင်းရင်းသားများ အားလုံး ၅၀၀ကျော်ခန့်တက်ရောက်ပြီး နိုင်ငံတကာမြစ်ချောင်းအင်းအိုင်များနေ့ ကို ယခုနှစ် တတိယအကြိမ် ဆက်တိုက်ပြုလုပ်ခြင်း ဖြစ်သည်။







