မြန်မာအစိုးရ၏ ၂၀၁၈ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်သော မူးယစ်ဆေးဝါး မူဝါဒသည် လက်တွေ့လုပ်ဆောင်ရာ တွင် ထိရောက်မှုမရှိသေးကြောင်း “ဆယ်စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါး မူဝါဒအပေါ် သုံးသပ်ခြင်း” ဆိုသည့် အစီရင်ခံစာ ရှင်းလင်းခြင်းကို မြစ်ကြီးနားမြို့ Cartel Hotel တွင် မတ်လ ၁၁ရက်န့ ပြုလုပ်ခဲ့သည်။
လက်ရှိမြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးမူဝါဒတွင် ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ အန္တရာယ်လျှော့ချရေးများကို ဦးစားပေးရေးဆွဲထားသော်လည်း လက်တွေ့တစ်ဖက်တွင် ညွန်ကြားချက်အညီ ဖမ်းဆီးချုပ်နှောင်မှုများကိုသာ ပြုလုပ်နေသည်ဟု ဆယ်စုနှစ်တစ်ခုအကြာစစ်ဆေးတွေ့ရှိကြောင်း ကို Drug Policy Advocacy Group မှ တွဲဖက်ညိနှိုင်းရေးတာဝန်ခံ ဒေါက်တာ နန်းပန်းအိခမ်းက ပြောဆိုသည်။
“မူးယစ်ဆေးဝါးမူဝါဒကို သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံးက ပူးပေါင်းပြီး ရေးဆွဲထားတာဖြစ်တယ်။ ဒီဟာတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ အခါ သိပ်ပြီးထိရောက်တာမရှိဘူး။ မူဝါဒမှာကတော့ ကုသရေးတို့ ပြန်လည်ထူထောင်ရေးတို့ အားလုံး ဦးစားပေးရေးထားတာတွေ့ရတယ်။ ဒါပေမယ့် များသောအားဖြင့် ဖမ်းဆီးချုပ်နှောင်နေတာက ပိုများနေတာကို တွေ့ရတယ်” ဟု ပြောဆိုသည်။
သို့သော် အစိုးရက မူးယစ်ဆေးဝါးမူဝါဒ အသစ်ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် နောက်ပိုင်း အစီရင်ခံစာအရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်း လျှော့ကျလာပြီး ဆေးပြားထုတ်လုပ်ရောင်းချမှုပိုမိုများပြားလာကြောင်း တွေ့ရသည်ဟု ဆက်လက်ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်း ဘိန်းကို ဦးစားပေးလုပ်ကိုင်သော တောင်သူများမှာ ၁၀ရာခိုင်နှုန်းလောက်သာရှိပြီး များသောအားဖြင့် ငွေကြေးချမ်းသာသော သူများကသာ ဧကပေါင်းများစွာစိုက်ပျိုးကာ စီးပွားရေးအဖြစ် ရပ်တည်နေကြသည်ဟု ချန်းမူးဘိန်းဖျက်စခန်း Chang Mu Kani Nanghpam Dawn Jasan Ginra တာဝန်ခံ ဦး Myitung Kyang Bawm ပြောဆိုသည်။
“ကျနော်တို့ လက်တွေ့ လေ့လာတွေ့ရှိတာက မြေပြင်မှာ ဘိန်းစိုက်ပျိုးသူတွေက ငွေကြေးချမ်းသာတဲ့ သူတွေကသာ စီးပွားရေးအဖြစ်စိုက်ပျိုးနေတာဖြစ်တယ်။ တကယ့် ဆင်းရဲတဲ့ တောင်သူတွေ စိုက်ပျိုးတာက ၁၀ရာခိုင်နှုန်းလောက်ဘဲရှိတယ်။ နောက်တစ်ခုက လက်ရှိမြေပြင်မှာ ဖြစ်တာနဲ့ ကောက်တမ်းချက်အရလည်း အလွန်ကွာဟ မှုရှိနေတယ်” ဟု ပြောဆိုသည်။
ကချင်ပြည်နယ်အတွင်း တနိုင်း၊ ကန်ပိုက်တည်၊ ဝွေမိုး၊ ပူတာအို စသောဒေသများတွင် ဘိန်းစိုက်ပျိုးမှု အများအပြားတွေ့ရှိသည်ဖြစ်ပြီး များသောအားဖြင့် ပြည်ပက စီးပွားရေးလုပ်ငန်းရှင်များစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်း တွေ့ရကြောင်း ဆက်လက်ပြောဆိုသည်။
အဆိုပါ “ဆယ်စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါးမူဝါဒအပေါ်သုံးသပ်ခြင်း ဆိုသည့်အစီရင်ခံစာ” ဆွေးနွေးပွဲအခမ်းအနားကို မဟာမိတ်မြန်မာ အဖွဲ့မှ ဦးဆောင်ပြီးပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး မူဝါဒအသစ်ကို ပိုမိုကောင်းမွန်လာစေရန်အတွက်ရည်ရွယ်ပြီး ၎င်းအစီရင်ခံစာ ဆွေးနွေးပွဲပြုုလုပ်ကြောင်းသိရသည်။
ထို့နောက် ယခုလအတွင်း ဗီယက်နမ်နိုင်ငံတွင် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ ထိပ်သီးအစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။







