ရှမ်းပြည်အရှေ့ပိုင်း ကိုးကန့်ဒေသ တရုတ်-မြန်မာနယ်စပ်မျဉ်းပေါ် အသစ်ပြုလုပ်သော နယ်စပ်မှတ်တိုင်များ ဖယ်ရှားရန် အပြန်အလှန် ကျိုးစားရာမှ နှစ်နိုင်ငံတပ်ကြား မတ်လ (၁၁)ရက် ယမန်နေ့ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သည်။
တရုတ်က အသစ် သတ်မှတ်သော နယ်နိမိတ် မှတ်တိုင်ကို မြန်မာတပ်များ လာရောက် ဖယ်ရှားလိုက်ပြီး မြန်မာမှတ်တိုင် စိုက်ထူရာမှ နှစ်နိုင်ငံတပ်ကြား စစ်ဖြစ်လို့နည်းပါး တင်းမာမှုဖြစ်ကာ မြန်မာဘက် စစ်အင်အားများသောကြောင့် တရုတ်တပ်များ ပြန်ဆုတ်သွားကြောင်း ဆိုပါသည်။
“မကြာသေးခင် တရုတ်တပ်များ လာလုပ်ထားတဲ့ တရုတ်အလံနဲ့ နယ်နိမိတ်မှတ်တိုင်တွေကို မြန်မာစစ်တပ်က လာရောက်ပြီး ဖယ်ရှားလိုက်တယ်။ အဲဒီနေရာမှာ သံမဏိတိုင်နဲ့ မြန်မာအလံများ စိုက်ထူထားတယ်။ အဲဒါကို တရုတ်တပ်တွေ ပြန်လာပြီး ပြန်နှုတ်ဖို့လုပ်တော့ လွယ်လွယ်နဲ့မရဘူး။ အဲ့တော့ ကားတွေခေါ်ပြီး ဖယ်ရှားဖို့လုပ်ရန် ရောက်လာချိန် မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ရောက်လာပြီး နေရာယူလာတာကိုတွေ့တော့ တရုတ်တပ်တွေ ပြန်ဆုတ်သွားတယ်” ဟု ဒေသခံတဦး ကချင်သတင်းဌာန KNG ကို ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မုံးကိုဒေသ နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် တရုတ်က မြန်မာနယ်နိမိတ်အထဲ မီတာ ၁၀၀ ကျော်ထိ ကျူးကျော် သတ်မှတ်ထားကြောင်း မုံးကိုဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။
ယမန်နှစ်ကစပြီး တရုတ်တပ်ဖွဲ့များ ၎င်း၏ ယူနန်ပြည်နယ် မြန်မာနယ်စပ်တလျှောက် တပ်စခန်းချမှု ပြုလုပ်လာချိန်မှ နယ်စပ်မှတ်တိုင်သစ်များ ပြန်လည်သတ်မှတ် စိုက်ထူမှုများ ပြုလုပ်လာခြင်းဖြစ်သည်။







