မြစ်ဆုံ၊ NCA ကို မဆန့်ကျင်ရန် တရုတ်က ကချင်အသင်းတော်ကို သတိပေး

မြစ်ဆုံ၊ NCA ကို မဆန့်ကျင်ရန် တရုတ်က ကချင်အသင်းတော်ကို သတိပေး

ကချင်ပြည်သူများ မြစ်ဆုံရေကာတာစီမံကိန်း နှင့် NCA လက်မှတ်ထိုးရေး တို့ကို ဆန့်ကျင်နေခြင်း မပြုလုပ်ရန် အကြီးဆုံး ကချင်အသင်းတော် ခေါင်းဆောင်များနှင့် လွန်ခဲ့သောအပတ် ဖိတ်ခေါ်တွေ့ဆုံစဉ် တရုတ် ယူနန်ပြည်နယ် အာဏာပိုင်များက သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အသင်းတော်က ဆိုသည်။

ယခု တတိယအကြိမ်အဖြစ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ခေါင်းဆောင်များကို မတ်လ (၁)ရက်နေ့ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ခေါ်ယူတွေ့ဆုံစဉ် မြစ်ဆုံနှင့် NCA ကို ကချင်အမျိုးသားများ ဆန့်ကျင်မှု မပြုလုပ်ရန် သတိပေး ခြိမ်းခြောက်မှုများပြုခဲ့သည်ဟု ၎င်းတွေ့ဆုံမှုတွင် ဦးဆောင်သော KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကချင်သတင်းဌာန KNG ယနေ့ အတည်ပြုပြောပါသည်။

မြစ်ဆုံရေကာတာကိစ္စ ဖိအားပေးပြောဆိုရာတွင် “Mali-N’mai Zup ခေါ် ဧရာဝတီ မြစ်ဆုံရေကာတာကို မဖြစ်မနေဆောက်လုပ်ရန် ပီကင်းဗဟိုအစိုးရက ယူနန်ပြည်နယ်အစိုးရအား ညွှန်ကြားထားသောကြောင့် ကချင်အမျိုးသားများ ဆန့်ကျင်မှုပြုနေခြင်း မပြုလုပ်ရန်" ပြောဆိုကြောင်း KBC က ဆိုသည်။

နောက်ပြီး “မြန်မာအစိုးရ ဦးဆောင်ပြုလုပ်သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်ကို အမြန် လက်မှတ်ထိုးရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ငြင်းဆန်နေမည်ဆိုလျှင် နယ်စပ်လမ်းများ ပိတ်လိုက်ပြီး လက်နက်ကူညီလုပ်ပေးသော တရုတ်အမျိုးသား အားလုံးကို ပြန်ခေါ်ယူလျှင် ကချင်အမျိုးသားများ ခက်ခဲသွားမည် ဖြစ်သည်” ဟု သတိပေးငြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဆိုပါသည်။

ထို့အပြင် မြန်မာစစ်တပ်မှ ၄ လ တိုက်ပွဲရပ်ရန် တရုတ်အစိုးရ အကြံပေးခြင်းဖြစ်ပြီး ၎င်း ၄ လ ကာလအတွင်း နယ်စပ်တလျှောက် သေနတ် အရင်ပစ်ဖောက်သူများကို အရေးယူသွားရန် တရုတ်တပ်များ နယ်စပ်တလျှောက် အဆင့်သင့် တပ်လှန့်ထားပြီ ဖြစ်ကြောင်းလည်း ပြောဆိုသည်ဟုဆိုသည်။

NCA လက်မှတ်ထိုးပါက “ကချင်ပြည်နယ် တရုတ်နယ်စပ်တလျှောက် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်လျှင် ၎င်းတို့အတွက် လိုအပ်သောအကူညီများနှင့် နေအိမ်များကို တရုတ်အစိုးရက တာဝန်ယူ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း” ကို ကမ်းလှမ်းခဲ့သည်ဟု KBC က ဆိုပါသည်။

KBC က မိမိတို့သည် ဘာသာရေးအဖွဲ့သာဖြစ်ပြီး နိုင်ငံရေးအဖွဲ့မဟုတ်ကြောင်းကို တွေ့ဆုံမှုတွင် ယူနန်ပြည်နယ် တရုတ်အစိုးရအာဏာပိုင်များကို ပြောဆိုခဲ့သည်ဟု ဆိုသည်။

ကချင်အသင်းတော်များတွင် အကြီးဆုံး Kachin Baptist Convention ခေါင်းဆောင်များကို ယခုလို ဖိတ်ခေါ် တွေ့ဆုံမှု သုံးကြိမ်တိုင်းတွင် ‘ကချင်အမျိုးသားများ မြစ်ဆုံရေကာတာစီမံကိန်းကို မဆန့်ကျင်ရန်နှင့် NCA ကို လက်မှတ်ထိုးရန်’ အမြဲဖိအားပေး တိုက်တွန်းခဲ့ကြောင်း KBC က ဆိုသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...