ကျောက်မီးသွေးဘိလပ်မြေစက်ရုံကို ဆန္ဒပြသူများ တိုင်းအစိုးရနှင့် တွေ့ဆုံရန်ကြိုးစား

ကျောက်မီးသွေးဘိလပ်မြေစက်ရုံကို ဆန္ဒပြသူများ တိုင်းအစိုးရနှင့် တွေ့ဆုံရန်ကြိုးစား

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊အောင်သပြေကျေးရွာအနီးတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံတည်ဆောက်နေခြင်းကို ကန့်ကွက်နေသည့် ဒေသခံအချို့က ဖေဖော်ဝါရီလ ၂၂ ရက်၊မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့သို့ လာရောက်၍ အစိုးရနှင့် တွေ့ခွင့်တောင်းကာ အချက်သုံးချက် တောင်းဆိုခဲ့ကြသည်။

"အချက် သုံးချက်တောင်းဖို့ရာ လာတွေ့တယ်။ကုမ္ပဏီရပ်ဆိုင်းပေးဖို့ရယ်။အောင်သပြေကျေးရွာအမှုတွေ ဖြေရှင်းပေးဖို့ ဖျက်သိမ်းပေးဖို့ ရုပ်သိမ်းပေးဖို့လာတောင်းဆိုတယ်။နှစ်ဦးနှစ်ဘက်ကြားမှာ ညှိုနှိုင်းနေတုန်း ဒီကုမ္ပဏီကို ရပ်ဆိုင်းထားဖို့ လာတောင်းဆိုတာဖြစ်တယ်"ဟု ဦးဆောင်လာရာက်တောင်းဆိုသည့် ဒေသခံ ကိုထွန်းနိုင်က ပြောသည်။

တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ကျောင်းသူများ အနှောက်အယှက်ဖြစ်နေခြင်းနှင့်သက်ကြီးရွယ်အိုများလည်း ညအိပ်မရ ဖြစ်နေသည်ဟု လာရောက်တောင်းဆို သည့် ဒေသခံအချို့ကဆိုသည်။

"သူတို့ စက်သံတွေ ဆူညံနေတော့ စာမေးပွဲဖြေတဲ့ကလေးတွေနဲ့၁၀ တန်းဖြေမယ့် ကလေးတွေ စိတ် အနှောက်အယှက်ဖြစ်သလို သက်ကြီးပိုင်းတွေလည်း အိပ်မရကြဘူး။ ကျွန်မတို့ဆို နေ့တောင်သူ ပင်ပင်ပန်းပန်း လုပ်ရတယ်။ညပဲအိပ်ရတာ အခုအိပ်မရဘူး။ဒါတွေသိအောင် အစိုးရအဖွဲ့ လာကြည့်စေချင်တယ်။ ကျွန်မ တို့ကတော့ အပြီးတိုင် ပိတ်စေချင်တယ်။"ဟု လာရောက်တောင်းဆိုသည့် ဒေသခံ မယဉ်ယဉ်အောင် ကပြောသည်။

လက်ရှိတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်း ရပ်တန့်ရေး ကန့်ကွက် ခဲ့ကြသည့် ဒေသခံ ၁၇ ဦးကို ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးအရေးယူခံထားရသည်။ အရေးယူ ခံထားရသူ အများစုသည် လမ်းတံတားဥပဒေပုဒ်မ၊ လမ်းပိတ်ဆို့မှု ပုဒ်မ၊ ငြိမ်း စု စီ ဥပဒေ ပုဒ်မများဖြင့် အဖမ်းခံထားရခြင်း ဖြစ်သည်။

ဒေသခံများသည် ၂၀၁၄ခုနှစ် ၎င်းစီမံကိန်းစတင်ဆောင်ရွက်စဉ်မှစ၍ ယနေ့တိုင် ကန့်ကွက်ဆန္ဒပြမှုများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေသော်လည်း လက်ရှိအချိန်အထိ တားဆီးပေးမှုမရှိသေးသည့်အပြင် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများကိုလည်း တိုင်းအစိုးရအဖွဲ့က လုပ်ကိုင်ပေးခြင်း မရှိသေးကြောင်း လာရောက် တောင်းဆိုသူများကဆိုသည်။

ယနေ့လာရောက်တောင်းဆိုမှုတွင် ဝန်ကြီးချုပ်နှင့်တွေ့ခွင့်မရသော်လည်း စာမေးပွဲကာလတွင် စီမံကိန်း ရပ်နားထားရန် လုပ်ဆောင်ပေးမည်ဟု အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကတိပေးပြောကြားခဲ့သည်။

"ဝန်ကြီးချုပ်နဲ့တွေ့ချင်ရင် ဒီအတိုင်းမရဘူး။စာတင်ရမယ်။စီမံကိန်းဆူလို့ ကလေးတွေ စာမေးပွဲ ဖြေဖို့ အခက်အခဲရှိတယ်ဆိုရင် မလုပ်အောင် တားပေးမယ်။အခု မြို့နယ်ကို အကြောင်းကြားလိုက်မယ်။"ဟု အစိုးရအဖွဲ့ တာဝန်ရှိသူကပြောသည်။

အဆိုပါ စီမံကိန်း ပန္န္နက်ရိုက်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့်လွှတ်တော် ကိုယ်စားလှယ်အချို့တက်ရောက် ပန္နက်ရိုက်ပေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဝန်ကြီးလည်း တက်ရောက်ခဲ့သည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး ကန့်ကွက်နေသည့် အောင်သပြေကျေးရွာ တစ်ရွာလုံး နီးပါးသည် ပြီးခဲ့သည့် လပိုင်းက ပြည်သူ့ပါတီသို့ တစ်ရွာလုံးနီးပါး ဝင်ရောက်ထားသည့် ကျေးရွာလည်းဖြစ်သည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...