ကျုံဒိုး ကရင်ရိုးရာ မီးပုံပွဲကြီး ကျင်းပပြီးစီး

ကျုံဒိုး ကရင်ရိုးရာ မီးပုံပွဲကြီး ကျင်းပပြီးစီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ဓမ္မသုခဘုန်းကြီးကျောင်းဝင်း၌ ယခုနှစ် ကျင်းပသည့် ၁၉၃ ကြိမ်မြောက် နယ်လုံးကျွတ် ကရင်ရိုးရာ မီးပုံပွဲတော်ကြီးကို ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၄ နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဖြစ်သည်။

နှစ်စဉ် ကျင်းပနေကျ ၎င်းမီးပုံပွဲတော်ကို အနယ်နယ်အရပ်ရပ်ရှိ ရွာပေါင်း ၁၀၀ ကျော်မှ မီးခုံတိုင်အဖြစ် ဝါးကို မယူဘဲ သစ် (သက်ရင်း)များကိုသာယူပြီး နနွင်း၊ နှမ်းဆီများနှင့် သုတ်လိမ်း၍ ရှို့မည့်နေရာများတွင် စုပေါင်းစိုက်ထူကာ တပို့တွဲလပြည့် နံနက် ၄ နာရီ အချိန်တွင် စုပေါင်းမီးရှို့ခဲ့ခြင်းဖြစ်သည်။

ပွဲကျင်းပရေးကော်မတီ ဒုဥက္ကဌ စောလောရှည်က “အရင်က ဒီဒေသမှာရှိတဲ့ ကရင်လူမျိုးတွေဟာ နတ်တွေ၊ သရဲတွေကို ကိုးကွယ်တဲ့ အယူရှိခဲ့တယ်။ အဲမှာ အယူမှားတွေကို ပစ်ပယ်လိုက်၊ မီးရှို့ပြီး ပူဇော်လိုက် ဆိုပြီး ရှေးယခင် ဘာသာရေးခေါင်းဆောင်တွေရဲ့ ဟောပြောမှုကနေ မီးပုံပွဲလို့ခေါ်တဲ့ မီးပူဇော်ပသပွဲ စတင်ဖြစ်တည် လာတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ကျုံဒိုးမီးပံုံပွဲ၏ ကရင်အယူအဆမှာ ကရင်စကားဖြင့် (ဍွဲအုဂ်ဒါန်.– ဒွဲအောင်ဒယောင်) ဖြစ်ပြီး မကောင်းသည့် အရာမှန်သမျှ ကျွတ်လွတ်စေချင်၍ အမွှေးနံ့သာများဖြင့် လာရောက် ဆုတောင်းကာ မီးရှို့လိုက်ခြင်းဖြစ်သည်ဟု လည်း ပွဲဦးဆောင်သူများထံမှ သိရသည်။

ကော့ကရိတ်မြို့နယ်၊ ကိုဖောင်ယားရွာမှ နန်းမူးထွန့်က “ကရင်ပြည်နယ်မှာ စစ်မက်တွေ မရှိရလေအောင်၊ နောက်ပြီး ကိုယ့်ကိုယ်ပေါ်မှာရှိတဲ့ မကောင်းတဲ့ ဂြိုလ်သိမ် ဂြိုလ်ဆိုးတွေကနေ လွတ်ငြိမ်းရအောင်ဆိုပြီး လာ ရောက် မီးပူဇော်တာဖြစ်တယ်။ ဘိုးဘွားအမွေအနှစ်လည်းဖြစ်တယ်လေ။ အဒေါ်ဆို ဒီမှာ လာရောက် မီးပူဇော် တာ အနှစ် ၄၀ ရှိပါပြီ” ဟု ပြောသည်။

အဆိုပါ ရိုးရာ မီးပုံပွဲတော်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပွဲတော်အခမ်းအနား ဖွင့်လှစ်ခဲ့ကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇာတ်သဘင်၊ ဒုံးအက ဖျော်ဖြေခြင်း နှင့် ခေတ်ပေါ် တေးဂီတဖျော်ဖြေပွဲများ ထည့်သွင်း ပြုလုပ်သွားခြင်းဖြစ်သည်။

ဘိုးဘွားအမွေအနှစ်အဖြစ် ပြုလုပ်လာသည့် ယခု ၁၉၃ ကြိမ်မြောက် မီးပုံပွဲသည် ရိုးရာ၊ ယဉ်ကျေးမှုနှင့် ဘာသာ ရေးကို ပေါင်းစပ်ပြီး လုပ်သည့်ပွဲတော်တစ်ခုဖြစ်ပြီး နိုင်ငံရေးအခြေအနေ၊ ခေတ်ကာလ မတည်ငြိမ်မှုများကြောင့် မပြုလုပ်ဖြစ်သည့် နှစ်များလည်း ရှိခဲ့သည်ဟု သိရသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...