နတ်ရေကန်သို့ အင်အားဖြည့်သည့်ယာဉ်တန်း တိုက်ခိုက်ခံရမှု စစ်တပ်အရာရှိများပါ သေဆုံး

နတ်ရေကန်သို့ အင်အားဖြည့်သည့်ယာဉ်တန်း တိုက်ခိုက်ခံရမှု စစ်တပ်အရာရှိများပါ သေဆုံး
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now

မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း သွားဖြည့်သည့် စစ်ကောင်စီ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် တပ်သားအများအပြား ထိခိုက်သေဆုံးသွားခြင်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၂၃ ရက်က ငဖဲမြို့နယ်ရှိ ကပစ - ၁၄ နှင့် ပဒါန်းမြို့အခြေစိုက် မစခ (၉၀၅) အမြောက်တပ်ရင်း ဌာနချုပ်တို့က အမ်း - ပဒါန်း လမ်းဟောင်းအတိုင်း နတ်ရေကန်သို့ ချီတက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို AA နှင့် ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လက်နက်ခဲယမ်းနဲ့ လူအင်အားဖြည့်ဖို့ အရပ်ဖက်ကား ၄ စီးကို သုံးပြီး စစ်ကောင်စီက မတ်လ ၂၃ ရက်နေ့ လမ်းဟောင်းအတိုင်း ကြိုးပမ်းခဲ့တာရှိတယ်။ အဲဒီ ထောက်ပို့ယာဉ်တန်းကို ပူးပေါင်းတပ်တွေက ကြားဖြတ် ချေမှုန်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အရာရှိတွေအပါဝင် တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တာ ရှိတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတာ ရှိတယ်” ဟု စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့သည့် ယာဉ်တန်းတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်ခန့်ပါကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆို သည်။

စစ်ကောင်စီသည် နတ်ရေကန်ဗျူဟာကုန်းကို အင်အားဖြည့်ရန် တောက်လျှောက်ကြိုးပမ်းနေပြီး ထိုသို့ အင်အားဖြည့်ရာ၌လည်း စစ်ဖက်သုံး ကားအသုံးပြုသွားလာ၍ မရတော့သဖြင့် အရပ်ဖက်ကားများကို အသုံးပြုလာနေကြောင်းလည်း စစ်ရေးသတင်းရင်းများထံမှ သိရသည်။

စစ်ကောင်စီသည် အင်အား ၄၀၀ ကျော်ပါ စစ်ကြောင်းနှစ်ကြောင်းဖြင့် နတ်ရေကန်ဗျူဟာကို အင်အားဖြည့်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့ကလည်း ကြားဖြတ် တိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲများ ပြင်းထန်နေသည်။

အာရက္ခတပ်တော်တို့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နတ်ရေကန်ဗျူဟာကုန်းအတွင်း စစ်ကောင်စီ တပ်သားများ ပိတ်မိနေကြပြီး ထိုတပ်ဖွဲ့ဝင်များအတွက် လေကြောင်းကနေ ရိက္ခာချပေးနေကာ ထိုရိက္ခာများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက ရရှိနေကြသည်။

“စစ်ကောင်စီက နတ်ရေကန် ပင်မဗျူဟာကုန်းမှာ ပိတ်မိနေတဲ့ စစ်သားတွေအတွက် လေကြောင်းကနေ ရိက္ခာထုတ်တွေ မကြာခဏ လာချပေးတာ ရှိတယ်။ အဲဒီရိက္ခာတွေ အများစုကို တော်လှန်ရေး အင်အားစုတွေဖက်က ရရှိတာမျိုးတယ်။ တော်လှန်ရေး အင်အားစုတွေဖက်က နတ်ရေကန် ဗျူဟာကုန်းတစ်ခုလုံးကို ပိတ်ဆို့ထားကြတာဖြစ်ပြီး စစ်ကူတွေကိုလည်း အကောင်းဆုံး ဟန့်တားဖြတ်တောက်ထားနိုင်တာ ရှိတယ်” ဟု မြေပြင် အခြေအနေသိရှိသူက ပြောသည်။

စစ်ကောင်စီသည် နတ်ရေကန် ဗျူဟာကုန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို လေကြောင်းက တစ်ဆင့် ပေးပို့ရာတွင် Y-12၊ Y-8 အပြင် အသစ်ဝယ်ယူထားသည့် ချက်နိုင်ငံထုတ် L-410 လေယာဉ်များကိုလည်း အသုံးပြုလာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး နတ်ရေကန်ဗျူဟာ၏ ကာကင်းစခန်းများ အားလုံးနီးပါးကို သိမ်းပိုက်ထားကာ နတ်ရေကန်ဗျူဟာကုန်းကို ဝိုင်းပတ် ပိတ်ဆို့ထားခြင်းဖြစ်သည်။

July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...