လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်ရခြင်းအပေါ် တပ်ချုပ်ရှင်းလင်း

လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်ရခြင်းအပေါ် တပ်ချုပ်ရှင်းလင်း

တိုင်းပြည်၏ အခြေအနေအရပ်ရပ်တွင် တည်ငြိမ်ရန်အနည်းငယ်လိုအပ်နေသေး၍ လွှတ်တော်များအတွင်း တပ်မတော်သား ၂၅ ရာခိုင်နူန်းပါဝင်နေရခြင်းဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဂျပန်နိုင်ငံအခြေစိုက် အဆာဟိရှင်ဘွန်းသတင်းဌာန ရန်ကုန်ဌာနအကြီးအကဲ Mr.Ryuta SOME TAYA နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်၌ သီးသန့်တွေ့ဆုံ မေးမြန်း ခန်းတွင် ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

 “ တည်ငြိမ်ဖို့တော့ နည်းနည်းလိုအပ်နေသေးတယ်ဆိုတာ ကျွန်တော်တို့ဖော်ပြနေတယ်။ ဒါကြောင့် နိုင်ငံတော် အတွက် တပ်မတော်ကလည်း ဒါကိုယူပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါတွေအကုန်လုံး လုံခြုံစိတ်ချ သွားမယ်ဆိုရင်တော့ အခြေအနေကပြောင်းလဲသွား မှာပါ။ ကျွန်တော်တို့ အသေဆုပ်ကိုင် ထားတာတော့ မဟုတ်ဘူးဆိုတာ နံပါတ် ၁ အချက် ကျွန်တော်ပြောလိုတယ် “ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြော သည်။

 အကြောင်းမှာ လက်ရှိ နိုင်ငံရေးအခြေအနေအရသော်လည်းကောင်း၊ လုံခြုံရေးအခြေအနေ အရသော် လည်းကောင်း၊ လွှတ်တော်တွင် ဆွေးနွေးနေသည့် အကြောင်းအရာများနှင့် အုပ်ချုပ်ရေးတွင် ဆောင်ရွက် နေသည့်ကိစ္စများကိုကြည့်ပါက ကဏ္ဍတိုင်းတွင် တည်ငြိမ်အေးချမ်းမှုမှာ စိတ်မချရသေးကြောင်းလည်း ၎င်းကဆိုသည်။

 “ ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်လို့ပြောရရင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အသွင်ပြောင်းလာတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေ အရသော်လည်းကောင်း၊ လုံခြုံရေးအခြေအနေအရသော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းဖို့ စိတ်မချဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

အလားတူ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကြည့်ပါကလည်း တိုင်းပြည်၏ နိုင်ငံရေးအရသော်လည်းကောင်း၊ လုံခြုံရေး အရသော်လည်းကောင်း တည်ငြိမ်ဖို့ရန်အနည်းငယ် လိုအပ်နေသေးကြောင်း  ၎င်းကဆိုသည်။

 တိုင်းပြည်၏ ကဏ္ဍတိုင်းတွင်တည်ငြိမ်သွားပါက လွှတ်တော်တွင်း တပ်မတော်သားပါဝင်မှုကို တွယ်ဖက် နေမည်မဟုတ်ဟုလည်း တပ်ချုပ်ကဖြေကြားခဲ့သည်။

 အလားတူ အခြေခံဥပဒေပြင်ဆင်မှုတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါအနှစ်သာရကိုမထိခိုက်စေသော ပြင်ဆင်မှုမျိုးဖြစ်သင့်သည်ဟု ၎င်းကဆက်ပြောသည်။

 ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန်အတားအဆီးဖြစ်နေသည့် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍လည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်၍ ရေးဆွဲထားခြင်း မဟုတ်ဘဲ  နိုင်ငံ၏အခြေအနေအရ ပြဋ္ဌာန်းထားသည့် ဥပဒေသာဖြစ်ကြောင်း ဖြေကြားခဲ့သည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...