ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဆန္ဒပြသူများနှင့် အစိုးရအကြား သဘောတူညီမှုရရှိ

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဆန္ဒပြသူများနှင့် အစိုးရအကြား သဘောတူညီမှုရရှိ

ဒေသခံပြည်သူများ၏ ဆန္ဒမပါဝင်ဘဲ လွိုင်ကော်မြို့တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်အား ဖယ်ရှား ပေးရေး ကိစ္စနှင့်ပတ်သက်ပြီး ကယားပြည်နယ်အစိုးရနှင့် ဆန္ဒပြသူ ကရင်နီလူငယ်များအကြား ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းက သဘောတူညီမှုရရှိခဲ့သည်။

ရရှိခဲ့သည့် သဘောတူညီချက်များထဲတွင် ဆန္ဒပြလူငယ်များအပေါ် တရားစွဲဆိုထားမှုများအား ရုတ်သိမ်းပေးရန် နှင့် ကရင်နီလူငယ်များမှ ဆန္ဒပြမှုများကို ရပ်ဆိုင်ပေးရန်တို့ ဖြစ်သည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ပတ်သက်ပြီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ နှင့် ကန့်ကွက်သူ ကော်မတီတို့ အကြား သီးခြားစီ ညှိနှိုင်းဆွေးနွေးရန် ၊ ထိုသို့ ဆွေးနွေးနေစဉ်အတွင်း ဗိုလ်ချုပ် ရုပ်တုအား ကန့်ကွက် ထောက်ခံပွဲ မပြုလုပ်ရန် ၊ ညှိနှိုင်းရရှိလာသည့် အချက်များအား အစိုးရမှ တစ်လအတွင်း အကောင်အထည်ဖော်ပေးရန် ၊ အစိုးရဘက်မှ ပျက်ကွက်ပါက ဗိုလ်ချုပ်ကြေးရုပ်တုကို သက်ဆိုင်ရာရုံးကို ပြန်လည်ရွှေ့ပြောင်းပေးရန် တို့ ဖြစ်သည်။

အဆိုပါ သဘောတူညီချက်များကို ဆန္ဒပြ ဦးဆောင်ကော်မတီဝင် ခူးဦးရယ် နှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုစိုက်ထူမှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နံနက်ပိုင်းက ကရင်နီ လူငယ် လူဦးရေ ရာနှင့်ချီပြီး လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြသူများသည် လွိုင်ကော်မြို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူထားသည့် ကန္တာဟေဝန်ပန်းခြံသို့ စုရပ်အဖြစ် သတ်မှတ်ပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် ချီတက်ခဲ့ရာ လမ်းတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီး ပိတ်ဆို့မှုများလည်း ရှိနေခဲ့သည်။

လမ်းပိတ်ဆို့မှုကို ဖောက်ထွက်ခဲ့သည့် ဒေသခံဆန္ဒပြသူများကို ရဲတပ်ဖွဲ့မှ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သပိတ်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

အစိုးရ ပြန်ကြားရေးဘက်ကမူ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့၏ အတားအဆီးများကို ထိုးဖောက်တိုးဝင်ကြသဖြင့် ရော်ဘာကျည်ဖြင့် ပစ်ခတ်ခြင်း၊ ရေပိုက်ဖြင့် လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...