ပြည်သူလူထုကိုပေးထားသော ကတိများတည်အောင်ကြိုးစားနေဟု အတိုင်ပင်ခံပြော

ပြည်သူလူထုကိုပေးထားသော ကတိများတည်အောင်ကြိုးစားနေဟု အတိုင်ပင်ခံပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးသည့်နောက်ပိုင်း ပြည်သူလူထုကိုပေးထားသည့် ကတိများတည်နိုင်အောင် ကြိုးစားနေ သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်သည်။

၇၂ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပခဲ့သည့် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်းကျွန်မတို့ နေ့တဓူဝကြိုးစားပြီး ဆောင်ရွက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ယခုဆိုလို့ရှိရင် မကြာမီကာလကလွှတ်တော်ထဲကနေပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးခြေလှမ်းများကို စပြီးလှမ်းပြီဆိုတာ ကျွန်မတို့ပြည်သူလူထုများ အသိပါပဲ။ ကျွန်မတို့ဟာ ပြည်သူလူထုကိုပေးခဲ့တဲ့ကတိတွေကို တတ်နိုင်သမျှ၊ တတ်စွမ်းသမျှတည်အောင်လို့ကြိုးစားပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့အပြင် တိုင်းရင်းသားအားလုံး သဘောတူလက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အခိုင်အမာ ရပ်တည်စေသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရှိရေးမှာ အင်မတန်အရေးကြီးကြောင်းလည်း ၄င်းက ဆိုသည်။

“ ဒါပေမယ့် ကျွန်မတို့ချည်းပဲလုပ်လို့ မရပါဘူး။ စောစောက ကျွန်မပြောသလို နိုင်ငံတစ်နိုင်ငံအတွက် တကယ် အရေးပါတဲ့ကိစ္စတွေ တကယ်အောင်မြင်ဖို့လိုတဲ့ကိစ္စတွေမှာ ပြည်သူလူထုပါဖို့ဟာက အဓိကကျပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများအကောင်အထည်ဖော်ရာတွင် ပြည်သူလူထုများကပါ ပူးပေါင်းပါဝင်ကြဖို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကတိုက်တွန်းပြောဆိုလိုက်သည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်ခရီးစဉ်အဖြစ် ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် တို့ကိုသွား ရောက်ခဲ့ကာ  ဒေသခံများနှင့် တွေ့ဆုံခဲ့သေးသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...