ခြေ/ဥပြင်ဆင်ရေး ကော်မတီဖွဲ့ရန် အရေးကြီးအဆိုကို အမတ် ၃၆ ဦးဖြင့် စတင်ဆွေးနွေးမည်

ခြေ/ဥပြင်ဆင်ရေး ကော်မတီဖွဲ့ရန် အရေးကြီးအဆိုကို အမတ် ၃၆ ဦးဖြင့် စတင်ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် လွှတ်တော်အမတ် ၃၆ ဦးဖြင့် ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအစီအစဉ်(လျာထားချက်) တွင် ဖော်ပြထားသည်။

ပါဝင်ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အချို့နှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း ဝင်ရောက်ဆွေးနွေးရန် စာရင်း ပေးထားသည်ကို တွေ့ရသည်။

အထက်ပါအရေးကြီးအဆိုသည် အခြေခံဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဟုဆိုကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ခဲ့မှုများ ရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ကန့်ကွက်စာ ပို့ထားကြောင်း သိရသည်။

ထို့ပြင် အဆိုကို ပါဝင်ဆွေးနွေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယနေ့အချိန်ထိ စာရင်းပေးထားခြင်း မရှိကြောင်း သိရသည်။

၄င်းအရေးကြီးအဆိုကို တင်သွင်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က နယ်ပယ်စုံ ပါတီအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုကာ အားလုံး ပါဝင်နိုင်ပြီး ဆွေးနွေးလျှင် ကောင်းမည်ဟု ယနေ့ အမျိုးသားလွှတ်တေ်ာ အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

“၀ိုင်းပြီး တိုင်ပင်ကြမယ်။ ဆွေးနွေးကြမယ်။ ဘယ်ဟာကတော့ ပြင်သင့်တယ်။ ဘယ်ဟာကတော့ မပြင်သင့်ဘူး။ ဆိုလိုချင်တာက ဘယ်ဟာတွေကို ပြင်မလဲ၊ မပြင်ဘူးလဲဆိုတာ တစ်ပိုင်း။  ပြင်မယ်ဆိုတဲ့ အခါကျတော့လည်း ဘယ်လို ပြင်ကြမလဲဆိုတဲ့အပိုင်းက တစ်ပိုင်း ။ ဒါတွေက ဆွေးနွေးကြမှာလေ။ ဆွေးနွေးကြမှာဆိုတော့ အားလုံး ပူးပေါင်း ပါဝင်လာနိုင်တာတော့ ကောင်းတယ်”ဟု ၄င်းက ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ရန်ဆိုသည့် စကားရပ်အစား လေ့လာသုံးသပ်ရေးကော်မရှင်ဟု စတင် ဖွဲ့မည်ဆိုပါက လက်ခံမည့်သဘောတွင် ရှိကြောင်းကို ဇန်နဝါရီ ၃၁ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေး အပြီးတွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က မီဒီယာများကို ပြောထားသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...