ချင်းမိုင် တွင် ယခုရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်

ချင်းမိုင် တွင် ယခုရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်
Photo Credit to CM News/ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအာဏာပိုင်များက စစ်ဆေးမှုပြုနေစဉ်
Photo Credit to CM News/ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအာဏာပိုင်များက စစ်ဆေးမှုပြုနေစဉ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ယခုရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက် စစ်ဆေး မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

ချင်းမိုင်မြို့ ခမ်းထိန့်စျေး တွင် နေ့စဉ် အလုပ်ခေါ်ရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းအလုပ်သမား များကို ထိုင်းရဲတပ်ဖွဲ့၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ကျန်းမာရေး ဌာန တို့ က ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ကြောင်း Human Right and Development Foundation (HRDF) မှ စိုင်းပိန်း က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ဒါကတော့ လုပ်ထုံး လုပ်နည်းအရ ၊ တာဝန် အရ ဝင်ရောက်စစ်ဆေးတာပါ။ အရင်လို ရွှေ့ပြောင်းအလုပ်သမားတွေကို ရှင်းလင်းတာတော့မဟုတ်ဘူး။ တချို့တွေက တရားဝင် ရွှေ့ပြောင်းအလုပ်သမား မဟုတ်ကြဘူး” ဟု စိိုင်းပိန်း ကပြောသည်။

အဆိုပါ စစ်ဆေးမှုသည် ဇန်နဝါရီ ၃၀ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးမှု ပြုလုပ်သည့်နေရာသည် ချင်းမိုင် မြို့ အထင်ကရ နေရာဖြစ်သည့် ခမ်းထိန့်စျေး တွင် တရားမဝင် အလုပ်သမားအများစု က နေ့စား အလုပ်ရရန် အတွက် အလုပ်စောင့်ဆိုင်းနေကြသည်နေရာဖြစ်သည် ဟု စိုင်းပိန်း က ဆိုသည်။

ထိုနေရာသည် အထင်ကရ ခရီးသွားဧည့်သည်များ၊ သွားလာသည့်နေရာဖြစ်သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများ နေ့စဉ်မနက်တိုင်း အလုပ်ကို စောင့်ဆိုင်းသည်မှာ မြင်မကောင်းသည့်အတွက် တခြားနေရာ သို့ ပြောင်းရွှေ့ရန်လည်း သက်ဆိုင်ရာ က စီစဉ်နေကြောင်း သိရသည်။

“ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ တရားဝင် အလုပ်သမားကဒ်လုပ်ဖို့နဲ့ ကိုယ် စာရင်းတင်ထားတဲ့ အလုပ်ရှင် နဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ရှင် တူညီဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် တော့ ထိုင်းက သူ့ ဥပဒေ အတိုင်း အရေးယူသွားမှာပါ” ဟု စိုင်းပိန်း က ဆိုသည်။

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ဥပဒေ တွင် အလုပ်သမား ကဒ် အလုပ်လုပ်ခွင့် မရှိသူများဖြစ်ပါက အနည်းဆုံး ထိုင်းဘတ်ငွေ ၅ထောင် မှ ၅သောင်း အထိ ဒဏ်ငွေ သတ်မှတ်ပြီး၊ အလုပ်သမား ကဒ်မရှိသူကို လက်ခံထားသည့် အလုပ်ရှင်များကိုလည်း ထိုင်းဘတ်ငွေ တသောင်းမှ တသိန်းထိ ဒဏ်ငွေ ချမှတ်ထားသည်။

ထို့အပြင် အလုပ်သမား မှတ်ပုံတင်ရာတွင် သတ်မှတ်ထားသည့်အလုပ်ရှင်တွင် အလုပ်မလုပ်ဘဲ အလုပ်ရှင် ပြောင်းပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် လိုအပ်ကြောင်း၊ အလုပ်ရှင် မတူညီပါကလည်း ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ပြီး မိမိနိုင်ငံသို့ ပြန်လည် ပို့ဆောင် သွားမည် ဟု သိရသည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...