မှန်လုံယာဉ်နှင့် လိုက်ထရက်ကား တိုက်မိ၍ သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ

မှန်လုံယာဉ်နှင့် လိုက်ထရက်ကား တိုက်မိ၍ သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ

မော်လမြိုင်မြို့၊ ရခိုင်ကုန်းအနီး၌ ဇန်နဝါရီလ ၃၁ ရက်နေ့က လိုက်ထရက်ယာဉ်တစ်စီးနှင့် မှန်လုံယာဉ်တစ်စီး တိုက်မိ၍  နေရာတွင်ပင် ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မော်လမြိုင်မြို့မ ရဲစခန်းမှသိရသည်။

ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဌ ဦးဘိုဘိုဝင်းက “ မိုးကောင်းကင်ကားက တစ်ဖက်ယာဉ်ကြောကို ကျောတက်ရင်းနဲ့ လိုက်ထရက်ကားကို ညာဘက်ချင်းတိုက်မိသွားတာ။ လိုက်ထရက်ပေါ်က လူကြီး ၃ ယောက်တော့ ဆုံးသွားတယ်။ ဒဏ်ရာရလူနာတွေကတော့ ဒဏ်ရာမပြင်းထန်တဲ့အတွက် စိုးရိမ်ရတဲ့အနေအထားမျိုးမရှိဘူး” ဟု ပြောသည်။

ဖြစ်စဉ်မှာ ထားဝယ်မှ မော်လမြိုင်သို့ ထွက်လာသည့် မိုးကောင်ကင် ခရီးသည်တင်မှန်လုံယာဉ်သည် ရခိုင်ကုန်းရပ်ကွက်အနီးတွင် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ( ၁၂း၀၅ မိနစ်) က

မုဒုံ- မော်လမြိုင် ပြေးဆွဲနေသည့် လိုက်ထရက်ကားတစ်စီးအား တိုက်မိပြီး လိုက်ထရက်ယာဉ်လိုင်းပေါ် ပါလာသူ အမျိုးသား ၃ ဦး နေရာတွင်ပင်သေဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့ရာ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ မုဒုံမြို့ဒေသခံများဖြစ်သည့် အသက် ၄၀ ဝန်းကျင်အရွယ်များဖြစ်ကြသည့် မုဒုံမြို့နယ် ယထက တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဝင်းအပါအဝင် ဦးမျိုးဝင်းအောင်နှင့် ဦးတင်ကို တို့ဖြစ်ပြီး မှန်လုံယာဉ်ပေါ်ပါလာသော ခရီးသည်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

မော်လမြိုင်မြို့မ စခန်းမှူး ဒုရဲမှူး သန့်ဇင်က “ မှန်လုံကားက အရှေ့က ဆိုင်ကယ်ကို ကျော်တက်ရင်းနဲ့ တစ်ဖက်ကလာတဲ့ ကားကိုလာတိုက်တာ။မှန်လုံကားပေါ်က ခရီးသည်တွေတစ်ယောက်မှ ဒဏ်ရာမရပေမယ့် ယာဉ်မောင်းတော့ ပွန်းပဲ့ဒဏ်ရာရတယ်။ အခုအမှုဖွင့်ထားတာက မှန်လုံယာဉ်မောင်းကိုပဲ အမှုဖွင့်ထားတယ်။ မှားတဲ့ဘက်ကိုပဲ အမှုဖွင့်အရေးယူတယ်။ ယာဉ်ကြီးကြီး သေးသေးပါ။” ဟု ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပေါ်လာပါက ဒဏ်ရာရ လူနာများကို ယခင်က အမှုပတ်မည်စိုး၍ မကူညီတာမျိုးမလုပ်ဘဲ  မည်သူမဆိုကူညီကယ်ဆယ်နိုင်ကြောင်း စခန်းမှူးက ပြောသည်။

လက်ရှိမှာ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး မိုးကောင်းကင်ယာဉ်မောင်း ကျော်စွာလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ယာဉ် ပ (၃) / ၂၀၁၉ ၊ ပုဒ်မ ၃၃၈ / ၃၀၄ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မော်လမြိုင်မြို့မ ရဲစခန်းမှသိရသည်။

မွန်ပြည်နယ် ယဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လင်းယုန်စီမံချက်ကို ဇန်နဝါရီ ၁၅ ရက်နေ့မှစတင်ခဲ့ရာ  စီမံချက် (၆) ရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၁၄ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...
December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...