မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း မွန်ပြည်သစ်ပါတီ ဖွင့်လှစ်မည်

မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း မွန်ပြည်သစ်ပါတီ ဖွင့်လှစ်မည်

မွန်ပြည်သစ်ပါတီဦးဆောင်၍ သံဃာတော်များနှင့် ဒေသခံများပူးပေါင်းကာ မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းကို ရေးမြို့နယ်၊ ဝယ်ဇင်ကျေးရွာအနီးရှိ ဒေဒဂွန်ဇွယ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်းက ပြောသည်။

နိုင်ဉာဏ်ထွန်းက “မူးယစ်ဆေးဝါးစွဲသူဆိုရင် လူမျိုး၊ ဘာသာမရွေးဘူး၊ လာရောက်အပ်နှံရင် လက်ခံသွားမယ်။ မွန်မဟုတ်ဘူးဆိုပြီးတော့ မခွဲခြားဘူး၊ အများအားဖြင့် ဒီဒေသမှာဆိုရင်တော့ မွန်တွေများမှာပေါ့”ဟု ပြောသည်။

မိမိကြမ္မာ မိမိဖန်တီးနိုင်ရေး ကြိုးပမ်းရုန်းကန်နေရသည့် မွန်ပြည်သစ်ပါတီသည် အစိုးရတစ်ရပ်မဟုတ်သည့်အတွက် မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် မွန်သံဃာတော်များနှင့် ပြည်သူများ၏ ကူညီထောက်ပံ့ပေးမှုဖြင့် မြို့နယ်အဆင့်၊ ကျေးရွာအဆင့်တို့ကို အဖွဲ့ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံဖြူဇရပ်မြို့၊ ဟံသာထောကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီလဝန္တက “အခုလောလောဆယ်မှာ မူးယစ်ဆေးပြတ်ဖို့ အရင်လုပ်မယ်။ မူးယစ်ဆေးဝါး ပြတ်သွားပြီးဆိုရင် သူတို့ဘဝပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာတစ်ခုခုကို သင်ပေးဖို့ စီစဉ်ပေးထားတယ်”ဟု မိန့်ကြားသည်။

ယင်းစီမံကိန်းအတွက် လိုအပ်သောငွေကြေးများနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ရေးမြို့နယ်အတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများနှင့် ချိတ်ဆက်ထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ ရေရှည်ရပ်တည်နိုင်စေဖို့အတွက် ဥပမာ တစ်လဆိုရင် ဘုန်းကြီးကျောင်းတွေကနေ ဆန်တစ်အိတ်၊ ငွေကျပ်တစ်သောင်းဖြစ်ဖြစ် နှစ်သောင်းဖြစ်ဖြစ် အလှူခံယူသွားဖို့ စဉ်းစားထားတယ်”ဟု ဆရာတော်က မိန့်သည်။

အလားတူ မွန်ပြည်သစ်ပါတီ သထုံခရိုင်၊ မော်လမြိုင်ဌာနချုပ်ရုံးများတွင်လည်း မိဘအုပ်ထိန်းသူများ လာရောက်အပ်နှံမှုဖြင့် မူးယစ်ဆေးစွဲသူများကို စခန်းသွင်း၍ ဆေးပြတ်သည်အထိ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...
December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...