လေပြင်းတိုက်ခတ်မှုကြောင့် ကုလားဂုတ်ကျွန်းတွင် နေအိမ်ရာနှင့်ချီပျက်စီးဆုံးရှုံး

လေပြင်းတိုက်ခတ်မှုကြောင့် ကုလားဂုတ်ကျွန်းတွင် နေအိမ်ရာနှင့်ချီပျက်စီးဆုံးရှုံး

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်က လေပြင်းတိုက်ခတ်ခဲ့ရာက နေအိမ်ရာနှင့်ချီကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

'' လေတိုက်ချိန် ၁၅ မိနစ်မှာဖြစ်သွားတယ်၊ ပျက်စီးဆုံးရှုံးမှုစာရင်းအတိအကျ ကောက်နေဆဲမို့ အတိအကျမသိရသေးပါဘူး'' ဟု ကုလားဂုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ပြောသည်။

လူနေအိမ် ၅၀၀ ဝန်းကျင်ခန့်ရှိ ကုလားဂုတ်အောက်ဆိပ် လေပြင်းတိုက်ခတ်မှုတွင် လူအသေအပျောက်ဒဏ်ရာရရှိမှုမရှိသေးသော်လည်း အစိုးရစာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းအပါအဝင် အိမ်ခြေများစွာ ဖျက်စီးခံခဲ့ရသည်ဟု ရွာခံကိုမောင်လေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

 “ လူတွေထိခိုက်ဒဏ်ရာရရှိတာ မကြားမိဘူး၊ မနက်ပိုင်း မိုးလင်းချိန်ဖြစ်တဲ့အတွက် လူတွေမြင်နေရတယ်၊ ညအချိန်ဆိုရင်တော့ မလွယ်ဘူး” ဟု ကိုမောင်လေးက ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅၀ ခန့် ပြိုကျပျက်စီးခြင်း၊ အိမ်ခြေ ၁၀၀ ခန့် အမိုးများလန်ခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်မီးတိုင်များလဲပြိုခြင်း၊ အထကကျောင်းရှိ ပေ ၁၂၀×၃၀ ပေ ကျောင်းဆောင်(၃)ဆောင် အမိုးသွပ်အားလုံးလန်ခြင်းတို့ဖြစ်ပွားခဲ့သည်ဟု ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း၊ မွန်ပြည်နယ်အတွင်း နေရာစိပ်စိပ်မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း၊  ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်ယနေ့နံနက်ပိုင်းတွင် အရှိန်လျော့ကျသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းတည့်အချိန်ထုတ်ပြန်ခဲ့သည်။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...