မုဒုံတွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုကြောင့် သိန်း ၃၀၀ ကျော်ဆုံးရှုံး

မုဒုံတွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုကြောင့် သိန်း ၃၀၀ ကျော်ဆုံးရှုံး
ရာဘာမှိုင်းခံရုံ မီးလောင်စဉ်(Ko Oo)
ရာဘာမှိုင်းခံရုံ မီးလောင်စဉ်(Ko Oo)

မွန်ပြည်နယ် ၊ မုဒုံမြို့နယ် ၊ ကွမ်တာကျေးရွာရှိ ဦးလှဝင်း၏ ဟိုက်ဝင်းရာဘာရုံမှ ရာဘာမှိုင်းခံရုံ ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းကမီးလောင်မှုကြောင့် ငွေကျပ် သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့မှသိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မုဒုံမြို့ ၊ မြို့မ (၄) ရပ်ကွက်၊ စိန်ချယ် (၅) လမ်းရှိ ဦးဇော်ဝင်း၏ ခိုင်ရွှေဝါ ရာဘာရုံ မီးလောင်မှုကြောင့် ငွေကျပ်သုံးသိန်းကျော် (၃၆၂,၀၀၀) ဆုံးရှုံးခဲ့ရသဖြင့် မုဒုံမြို့နယ်တွင် တစ်လအတွင်း ၂ ကြိမ်မြောက် ရာဘာရုံမီးလောင်မှုဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ်သည့်စနစ်များ  မရှိသည့်အတွက် မကြာခဏမီးလောင်ခြင်းဖြစ်ကြောင်း

မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်မောင်နီက ပြောသည်။

 

ဦးတင်မောင်နီက "ရာဘာပြားတွေကို စပယ်ခွံမီးဖိုနဲ့ မှိုင်းခံရာကနေ မီးများပြီးတော့ အနီးမှာရှိတဲ့ရာဘာပြားတွေကို မီးကူးစက်လောင်ကျွမ်းတာဖြစ်ပါတယ်။ ညတုန်းက  ၁၁ နာရီခွဲလောက်က စလောင်တာပါ။ မီးအရမ်းများတော့  ခရိုင်က ကား ၂ စီးလောက် ထွက်ပေးရတယ်။

မီးဘေးကြိုတင်ကာကွယ်ရေးစနစ်မရှိလို့ အခုလိုဖြစ်တာပါ။

အဲလိုလုပ်ထားရင် စဖြစ်ဖြစ်ချင်းမှာ ငြိမ်းသတ်နိုင်ရင် အဲလောက်ကြီး ဆုံးရှုံးမှာမဟုတ်ပါဘူး။"

ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ယင်းမီးလောင်မှုသည် level 3 အဆင့်ရှိသည့်အတွက် မီးငြိမ်းသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၄ စီး၊ မော်လမြိုင်ခရိုင်မှ မီးသတ်ယာဉ် ၂ စီးတို့ဖြင့် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်းထိ ၂ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။

ရာဘာမှိုင်းခံရုံ ၁၅ပေ × ၉၀ ပေ  သွပ်မိုးအုတ်ကာ ရာဘာရုံတစ်ရုံ နှင့် ရာဘာပြား  လေးသောင်းရှစ်ထောင်ခန့် မီးလောင်ဆုံးရှုံးခဲ့မှုကြောင့် တန်ဘိုးအားဖြင့် ငွေကျပ်သိန်း ၃၀၀ ကျော် ( ၃၀,၄၈၇,၅၀ဝိ) ဆုံးရှုံးခဲ့ရပြီး ရာဘာမှိုင်းခံရုံတာဝန်ခံ  ဦးဇော်ဝင်းကို  မုဒုံမြို့မ ရဲစခန်းမှ (ပ) ၃၉/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...
December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...