အလယ်ကယန်းအုပ်စု၌ ခရစ္စမတ်ကာလ နယ်လှည့် အခမဲ့ဆေးကုသ

အလယ်ကယန်းအုပ်စု၌ ခရစ္စမတ်ကာလ နယ်လှည့် အခမဲ့ဆေးကုသ

ရှမ်း၊တောင် ဖယ်ခုံမြို့နယ် အလယ်ကယန်းကျေးရွာအုပ်စု ဆီးဘူးတိုက်နယ်ဆေးရုံ ဧရိယာတွင်ရှိသော ကျေးရွာ (၇) ရွာသို့ ခရစ္စမတ်ကာလတွင်း နယ်လှည့် အခမဲ့ ဆေးကုသသည့် အစီအစဉ်ပြုလုပ်ခဲ့သည်။

အဆိုပါ အခမဲ့ဆေးကုသသည့် အစီအစဉ်အား ဆီးဘူးတိုက်နယ်ဆေးရုံအပါအဝင် ရန်ကုန်နှင့် တောင်ကြီးမှ ပရဟိတ အလှူရှင်များ ပူးပေါင်းပြီး အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းခရီးစဉ်ကို စီစဉ်ရခြင်းနှင့် ပတ်သက်၍ ဆီးဘူးတိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာ သက်ဇော်က “ဝမ်းပျက် ဝမ်းလျှောရောဂါတို့၊ ကလေးအဆုပ်အအေးမိ ရောဂါတို့၊ အဖျားရောဂါတို့၊ နားပီယိုရောဂါတို့က မကြာခဏ ဖြစ်နေတယ်ပေါ့။ ကျနော်တို့ ကုပြီးတယ်၊ တစ်လနှစ်လနေ ကလေးတွေက ပြန်ပြတယ်။ အဲ့ချိန်မှာ ရောဂါကုသနေတစ်ခုထဲနဲ့တင် မရဘူး၊ ရွာတွေထဲထိ သွားရောက်ပြီးတော့ ကာကွယ်ရေး နည်းစနစ်တွေပါ၊ ကလေးတွေ၊ ကယန်းကျေးရွာ ပြည်သူလူထုတွေဆီကို ပြောမှ ဒီရောဂါတွေကို ကာကွယ်တာဆီးနိုင်မယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဆေးကုသသည့် ခရီးစဉ်တွင် ရောဂါ ရှာဖွေကုသခြင်းအပြင် ကြိုတင်ကာကွယ်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကယန်းလူထုတွင်းတွင် ကျန်းမာရေးဆိုင်ရာ အသိပညာအားနည်းခြင်းကြောင့် အသက်မသေသင့်ပဲ သေဆုံးခဲ့သည့် သူများရှိသည့်အတွက် အခမဲ့ ဆေးကုတဲ့ ခရီးစဉ်ကို ပြုလုပ်ရခြင်းလည်းဖြစ်ကြောင်း ဆိုသည်။

အထူးသဖြင့် ကလေးငယ်များအတွက် အခြေခံကျန်းမာရေးနည်းလမ်းများသည့် သွားတိုက်နည်း၊ လက်ဆေးနည်းများကို သင်ကြားပေးခဲ့ပြီး ခရစ္စမတ်လက်ဆောင်အနေဖြင့် မုန့်များ ဝေမျှပေးခဲ့ကြောင်း သိရသည်။

“ကျနော်က ဒီဒေသမှာ လာပြီး မနှစ်က ကတည်းက ကူညီနေတာပါ။ ကျနော်ဘာဖြစ်လို့ ဒီဒေသကို ကူညီနေတာလဲဆိုတော့ ကျနော်တို့ မြန်မာတစ်နိုင်ငံထဲမှာရှိတဲ့ အကုန်လုံးက တိုင်းရင်းသားတွေပဲ။ တိုင်းရင်းသားတွေ အကုန်လုံးက နိုင်ငံသားတွေဖြစ်တဲ့အတွက် လူမျိုးမရွေးဘာသာမရွေး ဒီမှာ လာကူညီရတဲ့အတွက် ကျနော်တို့ ပျော်တယ်” ဟု အလှူရှင် တစ်ဦးဖြစ်သည် ကိုစိုးထိုက်(ဖဒို) က ဆိုသည်။

ထို့အပြင် ၎င်းကဲ့သို့ လာရောက်ကူညီရသည့်အပေါ် ဒေသခံများနှင့် ဒေသခေါင်းဆောင်များမှ လှိုက်လှိုက်လှဲလှဲကြိုဆိုသည့်အပြင် ဧည့်ဝတ်ကျေပွန်သည့်အတွက်ကြောင့် ကျေနပ်ကြောင်း သူက ဆိုသည်။

၎င်းအခမဲ့ ဆေးကုပေးသည့် ခရီးစဉ်တွင် လိုအပ်သည့် ဆေးဖိုးဝါးခအတွက် အဆိုပါအလှူရှင်များမှ ငွေကျပ် (၁၀) သိန်းကျော် လှူဒါန်းပေးခဲ့သည်။ ကယန်းပြည်သစ်ပါတီမှလည်း အဆိုပါ ခရီးစဉ်အတွက် သွားလာရေးနှင့် နေထိုင်စားသောက်ရေးအတွက် အကူအညီပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စတင်သည့် ၃ ညအိပ် ၄ ရက်ကြာသည့် ဒီခရီးစဉ်တွင် ဆီးဘူးတိုက်နယ်ဆေးရုံကးမှ ဒေါက်တာသက်ဇော်နှင့် သူနာပြုဆရာမ (၂) ဦးအပါအဝင် ဆေးဖိုးဝါးခများကို လှူဒါန်းခဲ့သည့် ရန်ကုန်နှင့် တောင်ကြီးမှ အလှူရှင် (၈) ဦးတို့လည်း လိုက်ပါခဲ့ကြကြောင်းသိရသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...