မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်မှူးများအစည်းအဝေးကျင်းပပြီးစီး

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်မှူးများအစည်းအဝေးကျင်းပပြီးစီး

မွန်ပြည်သစ်ပါတီ ဦးဆောင်မှုအောက်တွင်ရှိသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်မှူးများအစည်းအဝေး ၂၀၁၈ ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၌ ကျင်းပပြီးစီးခဲ့ကြောင်း မွန်ပြည်သစ်သတင်းစဉ်က ရေးသားသည်။

၃ ရက်ကြာကျင်းပပြီးစီးခဲ့သည့် အဆိုပါအစည်းအဝေး၌ ၂၀၁၈ တစ်နှစ်တာကာလအတွင်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်းများ ဆွေးနွေးချမှတ်နိုင်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူ မွန်ပြည်သစ်တပ်မှူးတစ်ဦးက ဆိုသည်။

အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ဘဝတူတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ အနေအထား၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မွန်ပြည်သစ်ပါတီ လက်မှတ်ရေးထိုးပြီးသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S များတွင် မွန်ပြည်သစ်ပါတီမပါဝင်နိုင်သေးသည့်ဖြစ်စဉ်များနှင့် တပ်မတော်မှဝင်ရောက်နေရာယူထားသော မွန်တပ်တည်ဂိတ်ဧရိယာများအား ပြန်မအပ်သေးသည့်ဖြစ်စဉ်များကို သုံးသပ်ခြင်းအပြင် ခိုင်မာကျစ်လစ်သည့် တပ်ဖွဲ့တည်ဆောက်ရေးကိုလည်း ဆွေးနွေးခဲ့သည်ဟု အဆိုပါတပ်မှူးက ပြောသည်။

ထို့ပြင် မကြာမီက တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး၏ စစ်တိုင်းကြီး ၅ ခု၌ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးသည့်ထုတ်ပြန်ချက်ကို အပြုသဘောဆောင်သော တိုးတက်မှုအဖြစ်ရှုမြင်သလို အဆိုပါကြေညာချက်ပါ နေရာနှင့်အချိန်ကန့်သတ်ချက်ကို ပယ်ဖျက်နိုင်ပါက ငြိမ်းချမ်းရေးအရှိန်ပိုမိုမြင့်မားလာမည်ဟု မွန်တပ်မှူးများသုံးသပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ ဥက္ကဌနှင့် ဗဟိုစစ်ကော်မတီဥက္ကဌ နိုင်ထောမွန် အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ကော်မတီအတွင်းရေးမှူး စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ် တို့ တက်ရောက်ကြောင်း သတင်းဓါတ်ပုံများတွင် တွေ့ရသည်။

ထို့အတူ ဗဟိုစစ်ဦးစီးချုပ်ရုံးလက်အောက်ခံဌာနများ၊ အမြဲတမ်းတပ်ရင်းများ၊ ခရိုင်ပြောက်ကျားတပ်ဖွဲ့တပ်ရင်းများမှ အရာရှိများနှင့် အုပ်ချုပ်ရေးဌာနများမှ လေ့လာသူများတက်ရောက်ခဲ့သည်ဟု မွန်ပြည်သစ်သတင်းစဉ်က ဖော်ပြသည်။

အလားတူ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကို မွန်ပြည်သစ်တပ်မှူးများက လှိုက်လှဲစွာကြိုဆိုပြီး မွန်အမျိုးသားတပ်မတော်၏အနာဂတ်အတွက် မွန်လူငယ်များ ဝင်ရောက်တာဝန်ထမ်းဆောင်ကြပါရန် နှိုးဆော်ကြောင်း ဒီဇင်ဘာ ၂၈ ရက်စွဲဖြင့် MNLA တပ်မှူးအစည်းအဝေး ၂၀၁၈ က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...
December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...