ကမ်းလွန်ရေနံလုပ်ကွက် A-3 ကို ၂၀၁၉ ခုနှစ်အကုန်တွင် စတင်တူးဖော်မည်

ကမ်းလွန်ရေနံလုပ်ကွက် A-3 ကို ၂၀၁၉ ခုနှစ်အကုန်တွင် စတင်တူးဖော်မည်

ရခိုင်ပြည်နယ်အတွင်းတွင် ကမ်းလွန်ရေနံလုပ်ကွက် A-3 ကို ၂၀၁၉ ခုနှစ်အကုန်တွင် စတင်တူးဖော်သွားမည် ဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် တူးဖော်မှုပြီးဆုံးမည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းမှ သိရသည်။

ကမ်းလွန်ရေနံလုပ်ကွက် A-3 နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲကို POSCO DAEWOO ကော်ပိုရေးရှင်းမှဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျောက်ဖြူမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

ကမ်းလွန်ရေနံလုပ်ကွက် A-3 မှာ စစ်တွေမြို့မှ မိုင် ၄၀ အကွာနှင့် ကျောက်ဖြူမြို့နယ်မှ ၆၅ မိုင်အကွာတွင် တည်ရှိပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်နိုင်ရန်ဆောင်ရွက် ထားကြောင်းလည်း မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း မန်နေဂျာ(ကမ်းလွန်) ဦးနေအောင်က ပြောသည်။

“အဓိကတော့ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ သက်ဆိုင်ရာရေနံကုမ္ပဏီတွေက စီမံကိန်းလုပ်ငန်းတွေကို  ပြည်တွင်းမှာအကောင်အထည်ဖော်တဲ့အခါမှာ သက်ဆိုင်ရာကုမ္ပဏီက နိုင်ငံတော်ရဲ့တည်ဆဲဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်လည်းလိုက်နာရသလို တစ်ဖက်ကလည်း နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတွေကို လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် စံချိန်စံညွှန်းများနဲ့ အညီလုပ်ဆောင်ထားတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ စီမံကိန်းအား ဒေသခံပြည်သူများသိရှိရုံမျှမဟုတ်ဘဲ အချက်အလက်များအားလည်း ဒေသခံများထံ မျှဝေပေးသင့်ကြောင်း လူထုတွေ့ဆုံပွဲတက်ရောက်လာသည့် ကျောက်ဖြူဒေသခံ ကိုလင်းထိန်မှ ပြောသည်။

“အပေါ်မှသိရုံတင်မကပဲ အောက်ခြေကဒေသခံတွေကိုပါ သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီးတော့နီးစပ်အောင် ဗဟုသုတတွေဖြစ်လာအောင်၊ တစ်စုံတစ်ရာဖြစ်လာရင် ကာကွယ်လို့ရအောင် အဲဒါတွေကို ဒေသခံတွေ ကိုလည်း သိထားစေချင်တယ်၊ ပိုပြီးတော့မှလည်း သတင်းအချက်အလက်တွေကို မျှဝေဖို့ အကြံပြု ချင်တယ်” ဟု ၎င်းကပြောသည်။

လူထုတွေ့ဆုံပွဲကို ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်ပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စား ဦးစီးမှူး ဦးဝင်းနိုင်သန်း၊ POSCO DAEWOO ကော်ပိုရေးရှင်းနှင့်အဖွဲ့မှ မန်နေဂျာ Mr. Heungsso Shin Senior ၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအဖွဲ့မှ မန်နေဂျာ ဦးနေအောင်နှင့် ဒေသခံအချို့နှင့် ဖိတ်ကြားထားသူ စုစုပေါင်း(၃၀)ခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...