ကယန်းနှစ်သစ်ကူးပွဲတော်အား ဒေသတွင်းနေရာအသီးသီး၌ ကျင်းပ

ကယန်းနှစ်သစ်ကူးပွဲတော်အား ဒေသတွင်းနေရာအသီးသီး၌ ကျင်းပ
ကယန်းနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနေသည်ကို မြင်တွေ့နေရပုံ ပုံ… ခွန်းတူးတူးလေး
ကယန်းနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနေသည်ကို မြင်တွေ့နေရပုံ ပုံ… ခွန်းတူးတူးလေး

ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သည့် ကယန်းတိုင်းရင်းသားတို့၏ ကယန်းသက္ကရာဇ် ၂၇၅၇မှ ၂၇၅၈ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးပွဲတော်အား ကယန်းဒေသတွင်း နေရာဒေသအသီးသီး၌ စည်စည်ကားကား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကယန်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းဒေသ၌ (၁၀) နေရာ၊ ကယားဒေသ၌ (၇) နေရာ၊ ကရင်ဒေသနှင့် နေပြည်တော်ကောင်စီနယ်မြေတို့၌ (၁) နေရာစီ စုစုပေါင်း(၁၉) နေရာ အသီးအသီး ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စု၊ ဆီးဘူးကျေးရွာတွင် ဇုံ(၆) ဇုံ စုပေါင်းကျင်းပပြုလုပ်သည့်

ကယန်းနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည့် ဒေသခံရပ်မိရပ်ဖ ဦးသန်းကျော်လှက “အရင်တုန်းက ဆိုရင်တော့ အထူးပွဲရယ်လို့ တောင်ယာမီးရှို့တာတို့၊ မင်္ဂလာဆောင်ပွဲတို့၊ ဘာသာရေးပွဲဖြစ်တဲ့ ခရစ္စမတ်တို့ဘာတို့ပဲ ခံစား၊ စံစားမိတာပေါ့လေ။ အခုက နှစ်သစ်ကူးဆိုတာက ကယန်းထုတစ်ခုလုံးနဲ့ ဆိုင်တဲ့ ရိုးရာပွဲဆိုလည်း မမှားဘူးပေါ့။ဒီရိုးရာပွဲကိုလည်း အဓိက အထင်ကရဖြစ်ကြောင်းကိုလည်း သိခွင့်ရတာပေါ့လေ။” ဟုပြောသည်။

ကယန်းနှစ်သစ်ကူးနေ့အကြိုအနေဖြင့် ကယန်းရိုးရာ အကပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲများ၊ ဒူးလေးပစ်၊ စပါးပြာ၊ ဆန်ပြုပ်ချက်၊

ဝါးပြောင်းမှုတ်စသည့် ရိုးရာအားကစားပြိုင်ပွဲများအပြင် ဘော်လုံး၊ ဘော်လီဘော၊ ခြင်းလုံးစသည့် အားကစား ပြိုင်ပွဲများ ကိုလည်း

ထည့်သွင်းကျင်းပခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ (၈) နေ့တွင် ကယန်းဒေသတွင်း နေရာဒေသအသီးသီး၌ ကျင်းပသည့် ကယန်းနှစ်သစ် ကူးပွဲတော် အခမ်းအနားတွင်

ကယန်းအမျိုးသားအလံတော်အားအလေးပြုခြင်း၊  ကယန်းအဖွဲ့အစည်းများဖြစ်သော ကယန်းအမျိုး သားညီညွတ်ရေး ဦးဆောင်ကော်မတီ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ ကယန်းပြည်သစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်နှင့် ကယန်းအမျိုးသမီးအစည်းအရုံးတို့မှ ပေးပို့သည့် နှစ်သစ်ကူးနှုတ်ခွန်း ဆက်လွှာများကို ဖတ်ကြားခဲ့သည်။

ထို့အပြင် အခမ်းအနားသို့ရောက်လာသည့် ကယန်းပြည်သူလူထုများက ကယန်းရိုးရာ ဘုံအကဖြင့် ဝိုင်းဝန်းကခုန်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီပွဲကို လာရတာ အရမ်းပျော်ရွှင်ပါတယ်။ ကယန်းသူ ကယန်းသားအားလုံးကိုလည်း တွေ့ရတယ်။ ကယန်းတိုင်းရင်းသား အကကိုလည်း တွေ့ရတာပေါ့နော်။ ကယန်းဘုံအကတွေ စသဖြစ်ပေါ့နော်၊ တွေ့ရတာ အရမ်းကို ပျော်ပါတယ်” လို့

ကယန်းနှစ်သစ်ကူးပွဲတော်သို့ လာရောက်ပါဝင်သည့် ကယန်းသူ မူမေရီက ဆိုသည်။ ထို့အပြင် ၎င်းက အခမ်းအနားတွင် ကယန်းရိုးရာ ဘုံအကကို ကရခြင်းကြောင့် ကြည်နူးပျော်ရွှင်မိကြောင်း ၎င်းကဆိုသည်။

ကယန်းနှစ်သစ်ကူး ပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ရန်အတွက် ကယန်းအဖွဲ့အစည်းများမှ စုပေါင်းရန်ပုံထည့် ဝင်ကြပြီး ကျေးရွာ၊ ဒေသအလိုက် ကယန်းပြည်သူလူထုများမှလည်း ရန်ပုံငွေ ထည့်ဝင်ကြကြောင်းသိရသည်။ ကယန်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်ကို ၂၀၁၅ ခုနှစ်မှစပြီး ကယန်းဒေသတွင်း နေရာဒေသအများအပြားတွင် ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်ခဲ့ခြင်းဖြစ်သည်။

ကယန်းတိုင်းရင်းသားများသည် ပျူ၊ သက်၊ ကမ်းယံ လူမျိုး (၃) မျိုးထဲမှ ကမ်းယံအနွယ်ဝင် လူမျိုးတစ်မျိုးဖြစ်ကြောင်းခံယူကြပြီး မြန်မာနိုင်ငံသို့ ဘီစီ ၇၃၉ ခုနှစ်တွင်  ရောက်ရှိလာခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ဘီစီ ၇၃၉ နှင့် ၂၀၁၉ ခုနှစ်ကိုပေါင်းသော် မြန်မာလ နတ်တော်လဆန်း (၁) ရက်နေ့သည် ကယန်းသက္ကရာဇ်၂၇၅၈ ခုနှစ်ဖြစ်သည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...