Kachin State Party အမည်နှင့်မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲ ကော်မရှင် ခွင့် မပြု

Kachin State Party အမည်နှင့်မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲ ကော်မရှင် ခွင့် မပြု

ကချင်ပေါင်းစည်းရေးပါတီများ၏ အတည်ပြုထားသော ‘Kachin State Party’ အမည်ဖြင့် မှတ်ပုံတင်ရန် ကော်မရှင် ခွင့်မပြုသောကြောင့် ၃ပါတီ ခေါင်းဆောင်များက ပါတီအမည် အပြောင်းအလဲ ပြုလုပ်ရကြောင်း သိရသည်။

သြဂုတ်လ ၁၁ရက်နေ့တွင် ကော်မတီအဖွဲ့ဝင် ၁၇ဦးပါဝင်ပြီး အတည်ပြုထားသော ‘Kachin State Party’ အမည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)မှ ၎င်းအမည်သည် ‘ပြည်သူတွေကြား အငြင်းပွားဖွယ်များ ရှိလာစေနိုင်သည်’ ဟု ပြောဆိုလာသောကြောင့် ပါတီအမည်ကို ပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဌ ဦး Gumgrawng Awng Hkam က ပြောဆိုသည်။

“ကျနော်တို့အတည်ပြုထားတဲ့ ပါတီအမည်ကို ရွေးကောက်ပွဲကော်မရှင်ကိုတင်ပြတဲ့အခါ ဆုံးဖြတ်ချက်ချပေးဖို့ ခက်တယ်လို့ပြောလာပါတယ်။ သူတို့က ‘State Party’ ကိုဘဲမသုံးခိုင်းစေချင်ဘူး။ ပြီးရင်ပြည်သူတွေကြား အငြင်းပွားဖွယ်များလည်းရှိလာနိုင်တယ်လို့ ပြောဆိုလာတယ်။ ပါတီအမည်သစ်ကို ပြန်လည်ရွေးချယ်ခိုင်းတဲ့ သဘောပေါ့။ ဒါကြောင့် ကျနော်တို့ ၃ပါတီက အစည်းအဝေးပြန်ထိုင်ပြီး ပါတီအမည်သစ်ကို ပြန်လည် ရွေးချယ်လိုက်ပါပြီ” ဟု ပြောဆိုသည်။

‘Kachin State Party’ ပါတီအမည်ကို ဖျက်သိမ်းရန်အတွက် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် UDPKS ၃ပါတီမှ ဒီဇင်ဘာလ ၈ရက်နေ့တွင် KSDP ရုံးတွင် ပါတီအမည်သစ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

‘ကချင်ပြည်နယ် ပြည်သူ့ပါတီ’ (Kachin State People’s Party) ဟု ထပ်မံရွေးချယ်လိုက်ပြီး အလံ နှင့် တံဆိတ်ကို နဂိုမူလအတိုင်း ကော်မတီ ၁၇ဦးမှ သဘောတူထားသော အတိုင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

‘ကချင်ပြည်နယ် ပြည်သူ့ပါတီ’ (KSPP) ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ထပ်မံ တင်ပြသောအခါ ပြန်လည်အဆင်မပြေမှုရှိလာပါက ဒုတိယ အမည်အဖြစ် ‘Kachin Federal Party’ ကို ယာထားခြင်းဖြစ်သည်ဟု ဦး Gumrawng Awng Hkam ကဆိုသည်။

ထိုပါတီအမည်အသစ်ကို ရွေးကောက်ပွဲကော်မရှင်ရုံး(UEU)သို့ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် ရှေ့နေ Doi Bu က သွားရောက်တင်ပြမည်ဖြစ်ပြီး လက်ရှိမှာတော့ ‘Kachin State Party’ ယာယီအဖြစ် အသုံးပြုနေဆဲဖြစ်သည်။

Most read this week

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...