“ဟိုး တောင်ယာစပြီး စူးထိုးတဲ့အချိန်ကတည်းက စပါးစေ့တွေကို ကြွက်ဖျက်ဆီးတာခံရတာပေါ့။ အခုစပါးရိတ်ခါနီးလည်း ထပ်အဖျက်ခံရတယ်။ ကြားရသလောက်ကတော့ တချို့ဆို တစ်ခင်းလုံးပျက်စီးသွားတယ်။ ပျက်စီးမှုကအနည်းအများပဲကွာတယ်။ အကုန်လုံးခြံုပြောရရင်တော့ မြို့နယ်၃ခုမှာ ပျက်စီးမှုနှုန်းကသုံးပုံတစ်ပုံလောက်ရှိတယ်”ဟု ပဒိုစောထဲဒယ်ကပြောသည်။
ယင်း တောင်ယာစပါးပျက်စီးမှုအခြေအနေများကြောင့် ပိုးသတ်ဆေး၊ဆေးဖြန်းကိရိယာများစသည့် အကူအညီတချို့ ရရှိခဲ့သော်လည်း လုံလောက်မှုမရှိခဲ့သလို ကာကွယ်နှိမ်နင်းနိုင်ရေးနည်းလမ်းများနှင့် ဒေသခံများ၏ ဆုံးရှုံးခဲ့ရမှုများအတွက် ကေအဲန်ယူအနေဖြင့် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

တောင်ယာစပါး ပျက်စီးမှုအခြေအနေများနှင့်ပတ်သက်ပြီး KNU ဖာပွန်ခရိုင်တာဝန်ရှိသူများ၏ လက်ရှိကောက်ယူထားသည့် စာရင်းများအရ ဒွယ်လိုးမြို့နယ်အတွင်းရှိ တောင်ယာစပါးခင်း၁၀၉၂ခင်းအနက် ၃၆၄ခင်းနှင့် လယ်ဧက၁၅ဧက၊ဘူးသိုမြို့နယ်ရှိတောင်ယာစပါးရ၆၈ခင်းအနက်၃၁၅ခင်းတို့မှာ လုံးဝပျက်စီးသွားကြောင်းသိရသည်။
ကျန်ရှိနေသည့် လူသောမြို့နယ်အတွင်းမှ စပါးခင်းပျက်စီးမှုအခြေအနေများကိုမူ စာရင်းလိုက်လံကောက်ယူနေဆဲဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်လက အဆိုပါမြို့နယ်အတွင်းရှိ ပေးကေးကျေးရွာအုပ်စု၊ သေ့ခယ်မုဒဲကျေးရွာအနီးမှ စိုက်ပျိုးပြီးခါစ လယ်ယာမြေများတွင် စပါးဖျက်ပိုးတစ်မျိုးကြောင့် စပါးပျိုးပင်များ နွမ်းခြောက်ပျက်စီးမှုများဖြစ်ခဲ့သည်။
တောင်ယာစပါးခင်းများအတွင်း ကြွက်များ၏ ဖျက်ဆီးမှုဒဏ်ကိုခံနေရခြင်းမှာ ယခုနှစ်တွင် ၎င်းတို့ဒေသ၌ ၀ါးများ အဆမတန်သီးပွင့် သည့်အတွက် ၀ါးသီးစားသုံးသည့် ကြွက်များထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများပြောဆိုနေကြသလို ယင်းပျက်စီးဆုံးရှုံး မှုများကြောင့် လာမည့်နှစ်စားနပ်ရိက္ခာ အခက်အခဲအတွက်စိုးရိမ်မှုများလည်းရှိနေကြသည်။
ဘူးသိုမြို့နယ်ရှိဒေသခံတစ်ဦးဖြစ်သူစောဘိုအဲက “ဒီဟာတွေက ဖြစ်လေ့ဖြစ်ထရှိပေမယ့် အခုနှစ်က မနှစ်က ထက်ဆိုးတယ်။ ရာသီဥတု ဖောက်ပြန်တာကြောင့်လည်း ဖြစ်မယ်ထင်တယ်။တောင်ယာစပါးကို ကြွက်ကဖျက်တယ်။ တချို့ဆို တစ်ခင်းလုံးလက်လွှတ်လိုက်ရတယ်။ လယ်ထဲက စပါးကိုကျတော့ပိုးဖျက်တယ်။ ဆေးလေး ဘာလေးဖျန်းရင် သက်သာတယ်။ ဒီနှစ်က ကျိန်းသေအထွက်နှုန်းကျမယ်ဆိုတော့ နောက်နှစ်က စားနပ်ရိက္ခာအတွက်တော့ စိုးရိမ်ရတဲ့အခြေအနေပဲ”ဟု ဆိုသည်။
ဖာပွန်ခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံကရင်လူမျိုးများသည် တောင်ယာစပါးစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှစတင်ကာ ၎င်းတို့ စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းများ တစ်နှစ်ထက်တစ်နှစ် ပျက်စီးဆုံးရှုံးမှုပိုများလာကြောင်းသိရသည်။







