အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးလုပ်ဆောင်

အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေးလုပ်ဆောင်

ကယန်းဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုများ ပပျောက်လာစေရေးအတွက် ကယန်းအမျိုးသမီး အစည်းအရုံးအဖွဲ့မှ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်နေကြောင်းသိရသည်။

၎င်းတို့မှ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အမြင်ဖွင့်သင်တန်းပေးခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းပေးခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စည်းရုံလှုံ့ဆော်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ကယန်းဒေသတွင်း ကျေးရွာပေါင်း (၈၀) တွင် အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့ရာ အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံးတွေ့ရှိရပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လိမ်လည်ကာမရယူသည့် အကြမ်းဖက်မှုများလည်း တွေ့ရှိရကြောင်းဆိုသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရသော်လည်း ရိုးရာဓလေ့ထုံးတမ်းနည်းလမ်းများဖြင့် ဖြေရှင်းရာတွင် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် နှစ်နာမှုများရှိနေကြောင်း ကယန်းအမျိုးသမီးအစည်းအရုံးအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး(၂) မူအန်းဂျေလာကဆိုသည်။

၎င်းက “ရိုးရာဓလေ့နဲ့ ဖြေရှင်းတဲ့အပေါ်မှာ အများစုသော အမျိုးသမီးတွေက ကျေနပ်မှု မရှိဘူးပေါ့နော်။ ကျေနပ်မှုမရှိပေမယ့် ငြင်းပိုင်ခွင့်မရှိဘူး။ ပြန်ပြီးတော့ ပြောပိုင်ခွင့်မရှိဘူး။ ဘာကြောင့်လဲဆို ဆုံးဖြတ်ချက်ချတဲ့

လူပုဂ္ဂိုလ်က ဆုံးဖြတ်ချက်ချသွားတယ်လေ။” ဟုပြောသည်။

ထိုသို့ ရိုးရာဓလေ့ဖြင့်ဖြေရှင်းရာတွင် ဝက်တစ်ကောင်နှင့် ငွေနှစ်သောင်း၊ သုံးသောင်းဖြင့်သာ ဖြေရှင်းကြသည့်အတွက် အကြမ်းဖက်ခံရသည့် ကယံကံရှင်အတွက် တရားမျှတမှု မရှိကြောင်း ၎င်းက ဆိုသည်။

အမျိုးသမီးများကို ကာကွယ်ပေးသည့် လက်ရှိတည်ဆဲ ဥပဒေများကလည်း ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများအထိ သက်ရောက်မှုမရှိသကဲ့သို့ ၎င်းတို့ဒေသတွင်လည်း အဆိုပါ ဥပဒေလမ်းကြောင်းအတိုင်း သွားနိုင်ရန်လည်း လမ်းပန်းဆက်သွယ်ရေးအရ အခက်အခဲဖြစ်ကြောင်း ဆိုသည်။

အကြမ်းဖက်ခံရသော်လည်း (၉၀) ရာခိုင်နှုန်းသော ကိစ္စရပ်များက မိသားစုအဆင့်၊ ကျေးရွာအဆင့်တွင်သာ တိုးတိုးတိတ်တိတ် ဖြေရှင်းကြပြီး (၁၀)ရာခိုင်နှုန်းမျှသာ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းကြကြောင်းဆိုသည်။

ယခုကဲ့သို့ ဖြေရှင်းကြခြင်းမှာ သက်ဆိုင်ရာ အမျိုးသမီးအတွက် အရှက်ကွဲမှာကို စိုးရိမ်ခြင်း၊ မိသားစုနှင့် ကျေးရွာများ သိက္ခာကျမည်ကို စိုးရိမ်ကြသည့်အတွက် ဖြစ်ကြောင်း ဆိုသည်။

၎င်းအပြင် ကယန်းအမျိုးသမီးအစည်းအရုံးမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ကယန်းရှေ့ နေများအသင်းနှင့် ချိတ်ဆက်ပေးပြီး ဥပဒေလမ်းကြောင်းအရ အကူအညီပေးနေကြောင်းနှင့် အရေးအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကူညီဆောင်ရွက်မှုများ ပြုလုပ်ကြောင်း သိရသည်။

“ကျွန်မတို့ အမျိုးသမီးတွေကို ဘယ်လိုလုပ်ရင် အကြမ်းဖက်မှုမြောက်တယ်။ ဘယ်လိုလုပ်ရင် ဘယ်ပုဒ်မနဲ့ ငြှိတယ်ဆိုတာကို ပိုပြီး သိလာရလို့ ပျော်ပါတယ်။” ဟု အမျိုးသမီးတစ်ဦးမှ နိုဝင်ဘာလ (၂၅) ရက်နေ့တွင်

ရှမ်းတောင်၊ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာ၌ ကျင်းပသည့် နိုင်ငံတကာအမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့ အခမ်းအနားတွင် ပြောဆိုသည်။

အဆိုပါအခမ်းအနားကို ကယန်းအမျိုးသမီးအစည်းအရုံးမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကယန်းရှေ့နေအသင်း မှ အမျိုးသမီးများအကြမ်းဖက်မှုများအပေါ် ဥပဒေဖြင့် ဖြေရှင်းနိုင်မည့် လမ်းကြောင်းများအား ရှင်းလင်းခဲ့ သကဲ့သို့ ဖဲကြိုးြ့ဖူလုပ်ရှားမှုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း နိုင်ငံတကာ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးအခမ်းအနားသို့ ကယန်းဒေသမှ အမျိုးသား၊ အမျိုးသမီး (၂၀၀)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...