မြေလွတ် မြေလပ် မြေရိုင်း ဥပဒေကြောင့် စစ်ရှောင်များ၏ နယ်မြေ ဆှုံးရှုံးရမည်ကို စိုးရိမ်

မြေလွတ် မြေလပ် မြေရိုင်း ဥပဒေကြောင့် စစ်ရှောင်များ၏ နယ်မြေ ဆှုံးရှုံးရမည်ကို စိုးရိမ်

အစိုးရ အတည်ပြုလိုက်သည့် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် ကချင်စစ်ရှောင်များ၏ ကျေးရွာနယ်မြေများကို ကုမ္ပဏီနှင့် လုပ်ငန်းရှင်များမှ မှတ်ပုံတင်ကာ သိမ်းပိုက်ရယူသွားမည်ကို စိုးရိမ်ကြောင်း ကချင်နှင့် ရှမ်းမြောက်စစ်ရှောင်များ နိုဝင်ဘာ ၂၇ ရက်နေ့ သဘောထား ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

၂၀၁၈ စက်တင်ဘာလတွင် လွှတ်တော်မှ အတည်ပြု ပြဌာန်းသည့် မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေအရ  (၆)လအတွင်း သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ၂ နှစ် ထက်မပိုသော ထောင်ဒဏ်၊ ကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ် တို့ကို ချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိ ကချင်စစ်ရှောင်များသည် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ၎င်းတို့၏ မြေယာများတွင် တရုတ်ကုမ္ပဏီများ လုပ်ကိုင်နေသောကြောင့် အလွန်စိုးရိမ်ကြောင်း ဂါးရာယန်မှ ဦးတူးနန် ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“အခုလောလောဆယ် ကျွန်တော်တို့ နယ်မြေကို တရုတ်သစ်သျှူးငှက်ပျော် ကုမ္ပဏီ နှင့် တခြား ကုမ္ပဏီတွေ ဝင်နေဆဲဖြစ်တယ်။ ဒီ ဥပဒေထုတ်ပြန်လိုက်တော့ ကုမ္ပဏီတွေ၊ သူဌေးတွေက ကျွန်တော်တို့ မြေယာကို မှတ်ပုံတင်ယူလိုက်မှာ စိုးရိမ်တယ်။ သူတို့ အဲလိုယူလိုက်မယ်ဆိုရင် ကျွန်တော်တို့မှာ မျှော်လင့်ချက် ရှိတော့မှာမဟုတ်ဘူး။ ပြန်လမ်းလည်းမရှိတော့ဘူး။ တစ်သက်လုံး ဒီစခန်းတွေမှာ နေရတော့မှာလား ဆိုတဲ့ စိုးရိမ်သောကတွေ အများကြီးရှိတယ်။”

၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရပြီးသော ကချင်စစ်ရှောင် ပြည်သူများ အနေဖြင့် ယခု မြေလွတ်မြေလပ်မြေရိုင်း ဥပဒေကြောင့် ၎င်းတို့မျှော်လင့်ရာ မြေယာပိုင်ဆိုင်မှုကို ထပ်မံ လက်လွတ်ဆုံးရှုံးရတော့မည့် အခြေအနေ ဖြစ်နေကြောင်း ပြောဆိုပါသည်။

“ကျွန်တော်တို့ နေရပ်မပြန်နိုင်ခင် ဒီကိစ္စ ရပ်နားစေချင်တယ်။ ဒေါ်စု ၊ အစိုရ တွေလည်း ကူညီပြီး ဒီ ဥပဒေကို ဖြစ်နိုင်ရန် ဖျက်သိမ်းပေးပါ။ နိုင်ငံတကာ ကျွန်တော်တို့ကို ကူညီထောက်ပံ့နေတဲ့ UN, NGO အဖွဲ့တွေလည်း ဒီကိစ္စကို နည်းလမ်း ရှာပြောကူပေးပါ” ဟု KIO ထိန်းချုပ် နယ်မြေ ဂျေယန် စစ်ရှောင်စခန်းတွင် ခိုလှုံနေသော ဦးဘရန်တောင် တောင်းဆို ထားပါသည်။

ယခု သဘောထား ထုတ်ပြန်ချက်နှင့်အတူ စစ်ရှောင်များ၏ မြေယာကို ကာကွယ်ပေးရန် အထူးတောင်းဆိုသည့် စာကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကိုလည်း ယမန်နေ့ ပေးပို့ထားသည်ဟု သိရပါသည်။

ကချင်ပြည်နယ် ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ စစ်ရှောင်များ၏ ကျေးရွာများတွင် တရုတ် ငှက်ပျော်စိုက်ပျိုးရေး ကုမ္ပဏီများ ဝင်ရောက်သိမ်းယူလာခြင်းကို ကာကွယ်ပေးရန် ဒေသခံများမှ ပြညနယ်အစိုးရထံ ၂၀၁၇ အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၈ ဧပြီလတွင် တစ်ကြိမ် စာရေးသားတောင်းဆိုခဲ့သော်လည်း ယခုချိန် စစ်ရှောင်မြေယာများ လုံခြုံမှု ကင်းမဲနေဆဲ ဖြစ်သည်ဟု ပြောဆိုထားသည်။

ထို့အပြင် ကချင်ပြည်နယ်တွင်း မြေယာကိစ္စနှင့် စပ်လျဉ်းပြီး အစိုးရအနေဖြင့် ဥပဒေ ရေးဆွဲ ပြင်ဆင်လိုပါက စစ်ရှောင်များကို မပျက်မကွက် တိုင်ပင် အသိပေးသင့်ကြောင့် ဦးတူးနန် ထပ်မံ တောင်းဆိုထားပါသည်။

“စစ်ရှောင်လူထု တွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြဌာန်းတော့မယ်ဆိုရင် ကျွန်တော်တို့မသိတဲ့ဟာ ၊ ကျွန်တော်တို့နဲ့ မတိုင်ပင်ဘဲနဲ့ ဘာဥပဒေမှာ မပြန်ဌာန်းသင့်ဘူးလို့ မြင့်ပါတယ်။ နောင်နောင် မြေယာကိစ္စ ဥပဒေတွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ စစ်ရှောင်တွေကို အရင်တိုင်ပင်၊ ဥပဒေကြောင်း ပြောပြပြီးမှ ပြဌာန်းပေးဖို့ အကြံပြုလိုပါတယ်။”

လက်ရှိ ပြည်တွင်းစစ်ကြောင့် ကချင်စစ်ရှောင် ၁ သိန်းကျော် စစ်ရှောင်စခန်းတွင် ခိုလှုံနေဆဲ ဖြစ်ပါသည်။

Most read this week

May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...
May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...
ဖေဖော်ဝါရီ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်း ရွာက ဆေးရုံဆေးခန်း
April 29, 2024
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့်...