ဒေသတွင်းထွက်ကုန် မတင်ပို့နိုင်သဖြင့် ရခိုင်ပြည်စီးပွားရေး ကျဆင်းနေ

ဒေသတွင်းထွက်ကုန် မတင်ပို့နိုင်သဖြင့် ရခိုင်ပြည်စီးပွားရေး ကျဆင်းနေ

စစ်ရေးပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်တွင် ဒေသတွင်းထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ သီးနှံ၊ သား၊ ငါး ပုဇွန်များကို ပြည်ပနှင့်အခြားဒေသများသို့ တင်းပို့နိုင်ခြင်းမရှိ၍ ပြည်တွင်းစီးပွားရေး ကျဆင်းလာနေကြောင်း စီးပွားရေးသမားများက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက စီးပွားဖြစ်လုပ်ကိုင်ကြသော ရခိုင်ဒေသတွင် တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ ကုန်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည်။ လက်ရှိတွင် လမ်းကြောင်းတချို့မှတစ်ဆင့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဝင်ရောက်လျက်ရှိသော်လည်း ပို့ကုန်မတင်ပို့နိုင်သဖြင့် ရခိုင်ပြည်စီးပွားရေးမှာ အကျဖက်သို့ ဦးတည်လာသည်။

ပေါက်တောမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားတော့ ရခိုင်ပြည်ကထွက်ကုန်တွေ တစ်ခုမှကို တင်ပို့လို့မရဘူး။ အခြေခံစားသောက်ကုန်ကအစ လူသုံးကုန်အားလုံးကို ပြည်မနဲ့ပြည်ပကို အားပြုနေရတာဆိုတော့ ကိုယ့်ပြည်ကထွက်ကုန်တွေ တင်ပို့ခွင့်မရတော့ ဝင်ငွေမရှိဘဲ ထွက်ငွေပဲ ရှိတယ်။ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရလို့ ရခိုင်ပြည်ရဲ့စီးပွားရေးဟာ အကျဖက်ကို ဦးတည်လာတယ်” ဟု ပြောသည်။

တိုက်ပွဲကာလ ကြာလာသည်နှင့်အမျှ ပြည်သူများမှာ စီးပွားရေးအဆင်မပြေမှုနှင့်အတူ စားဝတ်နေရေးများ ကြပ်တည်းမှုဒဏ်ကို ခံစားနေကြရသည်။ ပြည်တွင်းအဓိကထွက်ကုန် ဆန်၊ စပါးများကို ဝယ်သူမရှိဖြစ်နေသဖြင့် တောင်သူများမှာ အခက်ကြုံတွေ့နေရပြီး လာမည့်မိုးရာသီ လယ်ယာစိုက်ပျိုးရန် အခက်အခဲများ ရှိနေသည်။

“တိုက်ပွဲကာလဆိုတော့ စပါးဝယ်လိုအားမရှိဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒီကာလမှာ စပါးဈေးနှုန်းက အသင့်အတင့်ရှိနေပြီ။ အခုက ဝယ်မယ့်လူတောင် မရှိဘူး။ ဒီအတိုင်းသာ ဆန်စပါးတွေ ရောင်းမထွက်ဘူးဆိုရင် မိုးစပါးစိုက်ပျိုးဖို့အတွက် အခက်အခဲရှိနိုင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားတစ်ဦးက ပြောသည်။

ရခိုင်-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး စစ်တွေရွှေမင်းဂံ ကုန်သွယ်ရေးစခန်းနှင့် မောင်တောကညှင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှာလည်း တိုက်ပွဲများကြောင့် ကုန်သွယ်မှု ရပ်တန့်နေသည်။

ပင်လယ်ကမ်းရိုးတန်းမြို့နယ်များနှင့် ငါးပုဇွန်မွေးမြူရေးကို အဓိကလုပ်ကိုင်သည့် မြို့နယ်များတွင်လည်း စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ပင်ထားပြီး၊ ငါးပုဇွန်တင်ပို့ခြင်းကို ပိတ်ပင်ထား၍ ရေလုပ်ငန်းလုပ်ကိုင်နေသူများမှာ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြသည်။

“ပင်လယ်ပြင်ကို ငါးဖမ်းမထွက်ရတာ ၅ လလောက်ရှိပြီ။ စစ်ကောင်စီသင်္ဘောတွေကလည်း လက်နက်ကြီးတွေ ပစ်နေတော့ အလုပ်နားထားရတယ်။ ရှိတဲ့ပစ္စည်းတွေကို ထုခွဲပေါင်နှံပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းနေရတာ။ ဒီထက်ကြာလာရင် မလွယ်ကူဘူး” ဟု ကျောက်ဖြူမြို့နယ်က ရေလုပ်သားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်က သိမ်းပိုက်ထားသည့် မြို့နယ်များနှင့် စစ်ရေးပြင်းထန်နေသော မြို့နယ်များတွင် ဘဏ်စနစ်များရပ်တန့်နေပြီး ငွေသားပြတ်လပ်မှုအတူ နိုင်ငံဝန်ထမ်းများမှာလည်း လစာမရရှိကြပေ။

May 8, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ စျေးတန်းကို ယနေ့ မေလ ၈ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင်...
May 8, 2024
ရခိုင်ပြည်၊ မောင်တောမြို့အနီးရှိ ကညင်ချောင်းစီးပွားရေးဇုန်တွင် ယနေ့ မေလ ၈ ရက်၊...
May 7, 2024
စစ်ရေးအရှိန်မြင့်တက်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ငယ်ပစ်ခတ်မှုနှင့်...
May 7, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်း...