သျှမ်းမြောက်စစ်ရေးပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲဒေသခံ တဦးဖမ်းဆီးခံရ

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲဒေသခံ တဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲမြို့နယ် ကျေးလက်ဒေသခံ တဦးအား ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုသိရသည်။

နို၀င်ဘာလ ၂၅ ရက် ည ၁၁ နာရီအချိန်က ပုံးလုံရွာသား စိုင်းသြဘာအား ရွာထဲဝင်လာသည့် လက်နက် ကိုင်တပ်ဖွဲ့ တဖွဲ့က ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆွေမျိုးတော် စပ်သူ ပုံးလုံရွာသားတဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စပါးရိတ်ချိန်ဆိုတော့ လယ်ထဲသွားအိပ်စောင့်ရတယ်လေ။ တအာင်းလက်နက်ကိုင်အဖွဲ့တွေ ရွာထဲဝင် တာနဲ့ သေနတ်ပစ်တာ။ သူတို့သေနတ်သံကြားတော့ အတူတူသွားအိပ်တဲ့ရွာသားတွေ ကိုသူက အရင် ထွက်ပြေး ခိုင်း တာ။ သူက နောက်ဆုံးမှထွက်ပြေးတယ်။ မလွှတ်ဘူး။ အဖမ်းခံရတယ်သူ။ ဒီမနက် သူ့အမျိုးတွေက သူ့ ကို လိုက်ရှာကြတယ်။ မိုင်းငေါ့နဲ့ ပုံးလုံကြားက နမ့်မန်းရွာ သဘာဝ စားသောက်ဆိုင်ရှေ့မှာ သူ့ဦးထုပ်နဲ့ဖိနပ် သွား တွေ့တယ် ။ သူ့ဦးထုပ်မှာ သွေးစွန်းနေ တယ်။ လူတော့ဘယ်ဆီကိုခေါ်သွားမလဲမသိ ဘူးခုထိ။ ”- ဟု အမျိုး တော်စပ်သူ တဦးက ပြော သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး TNLA အားသျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ TNLA ၏ မဟာမိတ် ဖြစ်သည့် သျှမ်းပြည်တပ်မတော် SSPP/SSA အရာရှိတဦးက RCSS နှင့် ပတ်သက်ဆက်နွယ်သည့်သူမဟုတ်ပါက စိုင်းသြဘာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းပေးသွားမည်ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

အသက် ၅၀ ကျော်အရွယ်ရှိ စိုင်းသြဘာသည် ပုံးလုံအုပ်စု အုပ်ချုပ်ရေး မှူးဟောင်းတဦးဖြစ်ပြီး သားသမီး ၅ ဦးရှိသည်။ ၄င်းကျေးရွာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်က အစိုးရတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ရွာအတွင်းနှင့် ရွာအနီးတဝိုက် တိုက်ပွဲမဖြစ်ပွါးအောင် အစဉ်ကြိုးစားဆောင်ရွက်ခဲ့ဖူးသူတဦးဖြစ်သည့်အပြင် ရွာသားများအတွက်လည်း ဖြောင့်မတ်တည်ကြည်သူတဦးဖြစ်သည်ဟု ရွာသားများပြောပြချက်အရ သိရသည်။

“အခုတော့ အုပ်ချုပ်ရေးမှူးတော့မဟုတ်တော့ဘူး။ ဒါပေမယ့် အတိုင်ပင်ခံ ပေါ့နော် ရပ်မိရပ်ဖ ပေါ့။ သူက ရပ်ရွာသာရေးနာရေးမှာတက်ကြွလှုပ်ရှားတဲ့သူဖြစ်တယ်။ ရပ်ရွာအေးချမ်းသာယာအောင်ဆောင်ရွက်ပေးသူဖြစ်လို့ အခုလိုသူ့ကိုဖမ်းသွားတာ တရွာလုံးက စိတ်မကောင်းဖြစ်နေရတယ်။ အဲတာကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ဖြစ်တဲ့ SSPP/SSA ကနေ ကူညီပြောဆိုဆောင်ရွက်ပေးဖို့ ရွာသားတွေကနေ တောင်းဆိုချင်ပါတယ်ခင်ဗျ ”- ဟု ရွာတွင်းရပ်မိရပ်ဖတဦးကလည်းပြောသည်။

ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် TNLA ၊ TNLA နှင့် RCSS ၊ RCSS နှင့် SSPP တို့ တဖွဲ့နှင့်တဖွဲ့ကြား စစ်မက်ရေးရာထိခိုက်မှု မကြာခဏ ဖြစ်ပွားလက်ရှိသည်။ အဆိုပါ တပ်ဖွဲ့များကြားဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် လွန်ခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက မြို့တွင်းနေရ အထင််ကရ ဆရာတော် တပါးပင် အမည်မသိ လူတစုက ပျံလွန်တော်မူသည်အထိ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးသည်။

Most read this week

May 2, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့ ပြန်လည်ထိန်းချုပ်ထားပြီးနောက်...
April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...
April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...