ရခိုင်လုပ်ငန်းရှင်များ အသင်း(ဗဟို) အောင်မြင်စွာဖွဲ့စည်း

ရခိုင်လုပ်ငန်းရှင်များ အသင်း(ဗဟို) အောင်မြင်စွာဖွဲ့စည်း

ရခိုင်လုပ်ငန်းရှင်များအသင်း (ဗဟို)ကို နိုဝင်ဘာ ၁၈ ရက်နေ့က ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့ Myanmar ICT Park တွင် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဦးဆောင် ကျင်းပခဲ့သည့် ရခိုင်လုပ်ငန်းရှင်များ အသင်း(ဗဟို)ဖွဲ့စည်းခြင်း အခမ်းအနားတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်လုပ်ငန်းရှင်များအသင်း (ဗဟို)ဥက္ကဋ္ဌ အဖြစ်ဦးကျော်သိန်းခိုင် (မန္တလေး)၊ ဒုဥက္ကဋ္ဌများ အဖြစ် ဒေါက်တာစောမြအောင် (ရန်ကုန်)၊ ဦးခင်မောင်ကြီး (စစ်တွေ)၊ ဒုဗိုလ်မှူးကြီး (အငြိမ်းစား) ဦးရဲရင့်သွေး (ပဲခူး)၊ ဦးတင်ဝင်း( ဧရာဝတီ)တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာအောင်ရဲဇော်(ရန်ကုန်) ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ အဖြစ် ဦးကြည်စိုး (ဧရာဝတီ)၊ ဦးကျော်လင်းငြိမ်း(ပဲခူး)၊ ဦးစောထင်သိန်း (မန္တလေး)၊ ဦးကျော်မင်းထွန်း (ရခိုင်) တို့ ဖြစ်ကြသည်။

အခမ်းအနားကို Myanmar ICT Park တွင် နေ့လယ် ၂ နာရီခွဲမှ ညနေ ၅ နာရီထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်၊ MICT ဥက္ကဋ္ဌ ဦးသိန်းဦး အပါအဝင် ရခိုင်စီးပွားရေး လုပ်ငန်းရှင်များ၊ ရခိုင်/ပဲခူ/မန္တလေး/ဧရာဝတီ/ရန်ကုန်မှ ရခိုင်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က “ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရရှိဖို့လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှ တိုင်းရင်းသားဒေသအားလုံးမှာ စီးပွားရေးကွာဟမှု နည်းသထက်နည်းလာမည် ဖြစ်ကြောင်း၊ မငြိမ်းချမ်းရင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ကြောင်း၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှလည်း ငြိမ်းချမ်းရေးမှာ တည်တံ့ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း” ပြောကြားသည်။

ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကလည်း ယခု ဖွဲ့စည်းလိုက်သည့် ရခိုင် လုပ်ငန်းရှင်များအသင်း (ဗဟို)တွင် ရခိုင်၊ ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ဧရာဝတီ ဒေသ ၅ ခုမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ကြောင်း၊ ဥက္ကဋ္ဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့အပြင် အမှုဆောင် ၄၉ ဦးဖြင့် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ ရခိုင်လုပ်ငန်းရှင်များအသင်း (ဗဟို) အစား ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (ဗဟို) ဟု ဖြစ်သင့်ကြောင်း၊ နိုင်ငံသားနှင့် တိုင်းရင်းသားမှာ မတူညီကြောင်း၊ တိုင်းရင်းသားမှာ နိုင်ငံသားထက် မြင့်ကြောင်း၊ မြန်မာနိုင်ငံကို တိုင်းရင်းသား လူမျိုးကြီး ရှစ်မျိုးဖြင့် ဖွဲ့စည်းထား၍ ဗမာသည်လည်း တိုင်းရင်းသားဖြစ်ကြောင်း၊ ၎င်းကျောက်ဖြူ SEZ ( အထူးစီးပွားရေးဇုန်)နှင့် ပတ်သက်ပြီးလည်း ဖျက်လို ဖျက်ဆီး လုပ်နေသည့် နောက်ကွယ်က လက်မဲကြီးကို သတိထားရန် လိုအပ်ကြောင်း၊ အောက်ဖဲကို သိဖို့လိုကြောင်း စသဖြင့် ပြောကြားသွားသည်။

တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ရွှေလိပ်ပြာဟိုတည်ပိုင်ရှင် ဦးယောဆက်ကလည်း ယခုလို ရခိုင်လူမျိုးများကို စုံစုံညီညီတက်တက်ကြွကြွ မြင်ရ၍ များစွာနှစ်ထောင်းအားရဖြစ်မိကြောင်း၊ ယခုလို တက်တက်ကြွကြွဖြင့် ရခိုင်လူမျိုးစီးပွားရေး လုပ်ငန်းရှင်များကို မြင်ရ၍ ဤအဖွဲ့မှာ အောင်မြင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ တရုတ်နှင့် ပြုလုပ်မည့် SEZ (အထူးစီးပွားရေးဇုန်)နှင့် ပတ်သက်ပြီး ပြောကြားရာတွင် တရုတ်မှာ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်ပြီး အလွန်ချမ်းသာလာပြီး စီးပွားရေး အင်အားကောင်းလာကြောင်း၊ တရုတ်နှင့် စီးပွားရေးကို မလုပ်၍ မရတော့သည့် အခြေအနေသို့ ရောက်နေကြောင်း၊ သို့သော်မိမိတို့မှ မည်ကဲ့သို့ အမြတ်အစွန်းရမည်၊ အကျိုးအမြတ်ရမည်၊ မြန်မာပြည်သူ လူထုအတွက် ဘာတွေ အကျိုးဖြစ်ထွန်းမည်ကို အဓိစဉ်းစားလုပ်ကိုင်ရန်သာလိုကြောင်း၊ ယခင် တရုတ်နှင့် စီးပွားရေး စီမံကိန်းများ လုပ်ကိုင်ရာတွင် မိမိတို့ဘက်မှ နစ်နာခဲ့မှုများ အကြီးကျယ်ရှိခဲ့သဖြင့် သင်ခန်းစာများ ရယူပြီး မိမိတို့ဘက်မှ စီးပွားရေး အသားစီးရနိုင်ရန် ကြိုးစားဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...