အိန္ဒိယ – ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့နှင့် ဆက်စပ် တည်ရှိသည့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ပလက်ဝမြို့နယ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့ထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ရက္ခိုင့်တပ်မတော် (AA) ၏ ပြောခွင့်ရသူ ဦးခိုင်သုခမှ ပြောကြားသည်။
“ ဒီမှာတိုက်ပွဲဖြစ်နေတာကတော့ ပလက်ဝမြို့နယ်ထဲမှာ ဖြစ်နေတာခင်ဗျ။ ပလက်ဝမြို့နယ် ကုလားတန်မြစ်နဲ့ ဒီ ပီချောင်းရဲ့ကြားမှာရှိတဲ့ အဲ့ဒီ နတ်ချောင်းဝဆိုတဲ့ရွာ နောက်နားမှာ ဖြစ်နေတာ။ တိုက်ပွဲကတော့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စဖြစ်ပြီးတော့ ၂ နာရီ ၂၀ လောက်မှာ ပြီးသွားတယ်ခင်ဗျ။တစ်ကြိမ်။ အဲ့ဒီတိုက်ပွဲဖြစ်တဲ့ ဥစ္စာကတော့ ဗမာ့တပ်မတော်ရဲ့ (ခမရ)၃၇၃။ အမ်း အခြေစိုက်ပေါ့။ တောင်ကုတ်စကခ ၅ ရဲ့လက်အောက်ခံ။ အဲ့ဒီတပ်ရင်းနဲ့ဖြစ်တာ။ ဆိုတော့ အဲ့ဒီ တိုက်ပွဲ မိနစ် ၅၀ လောက်ကြာ ဖြစ်တဲ့အထဲမှာတော့ ဒီ ဗမာ့တပ်မတော်ဘက်ကနေ ၂၀ ဦးထက်မနည်း ကျဆုံးတယ်ခင်ဗျ။ သူတို့ဘက်က။နောက် ဒဏ်ရာရသူလည်း အများအပြားရှိတယ်။နောက်ပြီးတော့ သူတို့ တိုက်ပွဲနေရာက ဆုတ်ခွာသွားတယ်။ဆိုတော့ ည ၉ နာရီလောက်မှာ အဲ့ဒီနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျီးတောင်ရွာမှာ တစ်ကြိမ် ထပ်ဖြစ်တယ်။ည ၉ နာရီ ၃၈ မိနစ်မှာ။ အဲ့ဒီမှာလည်းပဲ သူတို့ဘက်ကနေ အထိအခိုက် အကျအဆုံးတွေ တော်တော်လေးရှိခဲ့တယ်ဗျ။ နိုဝင်ဘာ ၁၆ ရက်နေ့ မနက်မှာလည်းပဲ တိုက်ပွဲက မနေ့ကဖြစ်တဲ့နေရာဝန်းကျင်မှာ တိုက်ပွဲ ဆက်ဖြစ်နေတာ ရှိတယ်ဗျ” ဟု ခိုင်သုခမှ နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
နိုဝင်ဘာ ၁၆ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေကိုမူ မသိရသေးကြောင်း၊ အသေအပျောက် အကျအဆုံးစာရင်းများ မရသေးကြောင်း သူက ပြောကြားသည်။
“ အခုလောလောဆယ်တော့ အဲ့ဒီနေရာတစ်ဝိုက်မှာ တော့ သူတို့ တပ်ရင်းပေါင်း ၁၀ လောက် ရှိတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့ ဧရိယာ ထဲမှာ။ဆိုတော့ အဲ့ဒီမလှမ်မကမ်း ဒေသတွင်းမှာ ဒီပီချောင်းတွင်းမှာ ၁၀ လောက်ထိုးထား တယ်ခင်ဗျ။အဲ့ဒီတပ်ရင်းတွေ အခု အဲ့ဒီဒေသတစ်ဝိုက်မှာ အကုန်လုံး ရှိနေပြီးတော့ သူတို့အင်အားတွေ ထပ်ပို့နေတာရှိတယ်။ဆိုတော့ နောက်ရက်တွေမှာလည်း တိုက်ပွဲက ထပ်ပြီးတော့ ပြင်းထန်လာနိုင်တဲ့အနေအထား အများကြီးရှိတယ်ဗျ” ဟု ဦးခိုင်သုခမှ ပြောဆိုသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က ခမရ(၃၇၆) နှင့် ခမရ(၅၃၉) ပူးပေါင်းတပ်ဖွဲ့နှင့် AA တို့အကြား အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ “ရွှေလိပ်ဝကျေးရွာ” အနီးတွင် ဖြစ်ပွားခဲ့သည့် ၎င်းတိုက်ပွဲတွင် AA မှ တစ်ဦးကျဆုံးပြီး တစ်ချို့ ဒဏ်ရာရရှိခဲ့စသည်ဟု သိရသည်။
နိုဝင်ဘာလ(၁၅) ရက်နေ့တွင် စကခ(၅)-တောင်ကုတ်မြို့၊လက်အောက်ခံ၊ အမ်းအခြေစိုက် ခမရ(၃၇၃) နှင့် “ကုလားတန်မြစ်” နှင့် “ပီချောင်း” အကြား”နတ်ချောင်းဝရွာ”အနောက်ဖက်၌ နေ့လည်(၁) နာရီ(၃၀) မိနစ်မှ (၂) နာရီ(၂၀) မိနစ်အထိလည်းကောင်း၊ ၎င်းနေ့ ည(၉) နာရီ(၃၈) မိနစ်တွင် ကုလားတန်မြစ်နှင့် ပီချောင်းကြား “ဇီးတောင်ရွာ” အနီးတွင်လည်းကောင်း၊ ထို့အတူ နိုဝင်ဘာလ(၁၆) ရက်၊နံနက် (၉) နာရီမှစတင်၍ ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့သောနေရာတွင် တိုက်ပွဲများထပ်မံဖြစ်ပွားလျှက်ရှိကြောင်း AA မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး မြန်မာတပ်မတော်ဘက်မှ တစ်စုံတစ်ရာ သတင်း မထုတ်ပြန်သလို ဆက်သွယ်ရန် ခက်ခဲသဖြင့် တပ်မတော်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။
ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ သူက “ သေနတ်သံတွေကြားနေရတော့ ဒေသခံတွေက တိုက်ပွဲဖြစ်တယ်လို့ ယူဆနေကြတာပေါ့ဗျာ။ ဒါက တပ်မတော်က စစ်ရေးအပိုင်းဆိုတော့ အရပ်ဘက် အုပ်ချုပ်ရေးဘက်ကတော့ မသိနိုင်ဘူးဗျာ။ တိုက်ပွဲတွေကြောင့် ရွာတွေကနေ ထွက်ပြေးလာတာ၊ ရက္ခာတွေ အကျပ်အတည်းဖြစ်တာတွေ မရှိပါဘူး။ ဒီလို ဖြစ်တယ်ဆိုရင် ဘယ်သူက ပြောတယ်။ ဘယ်ရွာက ဖြစ်တယ်ဆိုတာ ပြောပါ။ ကျနော်တို့ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်” ဟု ပြောဆိုသည်။
ပလက်၀ ဒေသခံ တစ်ဦးအားဆက်သွယ်ရာတွင် ၎င်းက “ တိုက်ပွဲများဖြစ်နေသော်လည်း သေနတ်သံများကို ပလက်ဝမြို့ပေါ်က မကြားရကြောင်း၊ ပီချောင်း အနီးရှိ နတ်ချောင်းဝရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာသားများမှာ ကြောက်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း၊ ရွာသားများမှာ ရွာပြင်သို့ ထွက်ပြီး လုပ်ကိုင်စားသောက်ရန် မဝံ့ဖြစ်နေသဖြင့် စားဝတ်နေရေး အခက်ကြုံနေရကြောင်း” ပြောကြားသည်။







