မြန်မာနိုင်ငံရေး အပြောင်းအလဲတွင် မသန်စွမ်းသူများ၏ အခွင့်အရေး မြင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်ခဲ့

မြန်မာနိုင်ငံရေး အပြောင်းအလဲတွင် မသန်စွမ်းသူများ၏ အခွင့်အရေး မြင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်ခဲ့

မြန်မာနိုင်ငံရေး အပြောင်းအလဲတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်ပါဝင်မှု မြင့်တင်ခြင်းဆိုင်ရာ ကဏ္ဍပေါင်းစုံမှ ပါဝင် ပတ်သက်သူများ၏ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်ဘာ ၁၄ ရက်နေ့၌  ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် မသန်စွမ်း သူများ အခွင့်အရေးအတွက် ဆောင်ရွက်နေကြသူများနှင့် စစ်တွေမြို့မှ ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

“ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းမှာ မသန်စွမ်းတဲ့ သူတွေရဲ့ အခွင့်အရေး တွေပေါ့နော်။ ဒီလူ့အသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့နိုင်မှုအခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာကို လေ့လာဆွေးနွေးသုံးသပ်ဖို့နဲ့ ကဏ္ဍစုံမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေမှာ ဘာတာဝန်တွေရှိတယ်။ ဘယ်လိုဆက်ပြီးတော့မှ အနာဂတ်ကို စုပေါင်းဆောင်ရွက်ကြမလဲ ဆိုတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မသန်စွမ်သူများ လူနေမှုဘ၀ မြင့်မားရေးနှင့် အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့တို့၌ ရုံး ၃ ရုံး ဖွင့်လှစ်၍ ဆောင်ရွက်နေသည်ဟု သိရသည်။

“ကျနော်က ခိုင်ပြည်နယ်ရှိ မသန်စွမ်းသူတွေရဲ့ အခြေအနေတွေကို ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းသူတွေက ကျန်းမာရေး၊ ပညာရေးအခက်အခဲနဲ့ အလုပ်အကိုင် အခွင့်လမ်းတွေ အရမ်းဆုံးရှုံးနေတယ်။ ပညာသင်ကြားခွင့်မရတော့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာပေါ့”ဟု  မြန်မာနိုင်ငံ မသန်းစွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ ပုဏ္ဏားကျွန်းမြို့နယ် ဥက္ကဋ္ဌ ကိုဗိုလ်တင်အောင်က ပြောသည်။

အလုပ်အကိုင်ခေါ်ယူရာတွင် ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်၊ ခြေလက်အင်္ဂါ သန်စွမ်းသူဖြစ်ရမည်ဆိုသည့် ကန့်သတ်ချက်များ ရှိသည့်အပြင် အစိုးရဝန်ထမ်း ကျောင်းဆရာအလုပ်များတွင် ဝင်လျှောက်ရာ၌ ရေးဖြေတွင် အောင်သော်လည်း ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုများကြောင့် နှုတ်ဖြေတွင် ကျမှုများ ရှိနေသည်ဟုဆိုသည်။

“မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့အနေနဲ့ကျတော့ ကျနော်တို့အတွက် အဓိက ပညာရေးကို ထောက်ပံ့ပေးတယ်။ Grant (ခွင့်ပြုငွေ) တွေ ချပေးတယ်။ စီးပွားရေးလုပ်ဖို့အတွက် ခွင့်ပြုငွေတွေပေါ့။ ကျပ်သိန်း ၃၀တို့ ကျပ်သိန်း ၄၀ တို့ အဲ့ဒီလို ခွင့်ပြုငွေတွေ ချပေးတယ်။ မြို့နယ်ခွဲ ရုံးတွေကို ချပေးတာပါ။ နောက်ပြီး ကျနော်တို့ကို နည်းပညာတွေကို မျှဝေပေးတယ်။ ကျနော်တို့ ကိုယ့်ခြေထောက်ပေါ် ရပ်နေနိုင်လာအောင်ထိ ထောက်ပံ့ပေးပါတယ်” ဟု ကိုဗိုလ်တင်အောင်က ပြောသည်။

မြောက်ဦးမြို့နယ် ရုံးခွဲမှ တက်ရောက်လာသူ ဒေါ်သီတာလင်းသည် ဆွေးနွေးပွဲ၌ မသန်စွမ်းသူများ၏ ပညာရေးဆိုင်ရာ အခက်အခဲများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

“အခက်အခဲကတော့ ပညာရေးပိုင်းပေါ့။ ပညာရေးကဏ္ဍမှာ မသန်စွမ်းတွေ ပါဝင်မှု အခက်အခဲတွေ အများကြီးရှိပါတယ်။ အသွားအလာ အခက်အခဲတွေ၊ ကျောင်းပေါ်မှာ အတက်အဆင်း အခက်အခဲတွေ ရှိပါတယ်။ အခြား နယ်ကျေးရွာတွေက လာတက်ရတဲ့အခါ သယ်ယူ ပို့ဆောင်ရေး အခက်အခဲတွေ ရှိပါတယ်။ အဲ့ဒါတွေကို ကျမတို့ တင်ပြထားပါတယ် ”ဟု မြောက်ဦးမြို့နယ်ရုံးခွဲမှ စာရင်းစစ်တာဝန်ခံ ဒေါ်သီတာလင်း ကပြောသည်။

ပညာရေးကဏ္ဍ၌ မသန်စွမ်းသူများ ကျောင်းတက်ရသည့်အခါ၌ ခွဲခြားဆက်ဆံမှုများရှိသည့်အတွက် ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး ၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရည်ရွယ်၍ မသန်စွမ်းသူများအတွက် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းတည်ထောင်ရန် စီစဉ်နေသည့်အတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဗဟိုရုံးချုပ်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာကို မြောက်ဦးရုံးခွဲက တင်ပြတောင်းဆိုထားသည်ဟု သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၌ မသန်စွမ်းသူ ၂.၃ သန်းကျော်ရှိပြီး ရခိုင်ပြည်နယ်တွင် ၂ သိန်း ၆ သောင်းကျော်ရှိသည်ဟု သိရှိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...