ဆားလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးဆောင်ရွက်ပေးသင့်ဟု လုပ်ငန်းရှင်များဆို

ဆားလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးဆောင်ရွက်ပေးသင့်ဟု လုပ်ငန်းရှင်များဆို

ဆားလုပ်ငန်းရေရှည်ရပ်တည်ရေးအတွက် မွန်ပြည်နယ်အစိုးရအနေဖြင့် ဆားလုပ်ငန်းရှင်များ ဘဏ်ချေးငွေရရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဝင် သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားလုပ်ငန်းရှင် မင်းတင်မောင်ဝင်း(ခေါ်) နိုင်ဟုက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“အစိုးရကိုယ်တိုင် ချေးငွေတွေကို ထုတ်ပေးစရာမလိုပါဘူး၊ ဆားလုပ်ငန်းရှင်တွေကို ဘဏ်က ယုံကြည်မှုရှိဖို့၊ အစိုးရထောက်ခံချက်နဲ့ မိမိတို့ပိုင်ဆိုင်မှုအထောက်အထား ပုံစံ (၇) ဘဏ်ကိုပြပြီး ချေးငွေရမယ်ဆိုရင် ဆားလုပ်ငန်းရှင်တွေအတွက် ကြောထောက်နောက်ခံတစ်ခုရသွားသလိုပဲ”ဟု နိုင်ဟုက ပြောသည်။

လက်ရှိကုန်ဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ စက်သုံးဆီဈေးနှုန်းနှင့် အလုပ်သမားခများသည်း တစ်ပြိုင်နက် မြင့်တက်လာသည့်အတွက် ယခုရာသီ ဆားပေါ်ချိန်တွင် တစ်ပိသာကို (၁၀၀) ကျပ်ရရှိမှသာ ဆားလုပ်ငန်းရှင်များ တွက်ချေကိုက်လိမ့်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ဘဏ်ချေးငွေဆိုတာက ဘဏ်ရဲ့သတ်မှတ်ထားမူတဲ့အတိုင်း အချက်အလက်တွေပြည့်စုံရင် ချေးငွေထုတ်ပေးတယ်။ အစိုးရ ထောက်ခံပေးရင် သူတို့ (ဘဏ်) ချေးပေးမယ်ဆိုတာက အစိုးရတာဝန်ယူရမှာပေါ့။ အစိုးရတာဝန်ယူဖို့ လုပ်ငန်းအပိုင်းက နည်းနည်းအခက်ခဲဖြစ်တယ်။ မူဝါချမှတ်ထားတာ မတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီချေးငွေတွေက လုပ်ငန်းရှင်နဲ့ ဘဏ်နဲ့ပဲ ပတ်သက်ပါတယ်။ အစိုးရက ဘဏ်ချေးငွေကိုယူပြီး သူတို့ (ဆားလုပ်ငန်းရှင်)ကို ပြန်ချေးပေးတာမျိုးလုပ်ဖို့ မူဝါဒချမှတ်ထားတာမရှိသေးဘူး” ဟု ပြောသည်။

ယင်းအပြင် ပုံစံ (၇) မရရှိထားသည့် လုပ်ငန်းရှင်များအတွက်သော်လည်းကောင်း၊ ပုံစံ (၇) လယ်ယာမြေ လုပ်ကိုင်ခွင့်မှ ပုံစံ (၇) အခြားနည်းသုံးစွဲခွင့်ရရှိရန်အတွက်သော်လည်းကောင်း သက်ဆိုင်ရာဌာနထံ တင်ပြပြီး အမြန်ဆုံးရရှိအောင် အစိုးရအနေဖြင့် ဆောက်ရွက်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မွန်ပြည်နယ်ရှိ ဆားလုပ်ကွက်ဧက ၃၀၀၀ ခန့်တွင် တစ်နှစ်လျှင် ဆားမက်ထရစ်တန် သုံးသောင်း(၃၀,၀၀၀) ကျော်ထွက်ပြီး သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် လုပ်ကိုင်လျက်ရှိသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...