Triple E Management Institute ၏ နှစ်လည်နေ့ အခမ်းအနား စစ်တွေတွင် ကျင်းပ

Triple E Management Institute ၏ နှစ်လည်နေ့ အခမ်းအနား စစ်တွေတွင် ကျင်းပ

Triple E Management Institute စတင်ထူထောင်သည့် နှစ်ပတ်လည်အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် နိုဝင်ဘာ ၁၁ ရက်နေ့ က  ပြုလုပ်ခဲ့သည်။

အဆိုပါ Institute ကို အနာဂတ်ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ပညာခေတ် စီးပွားရေးအသိုက်အဝန်းတစ်ခု ဖော်ဆောင်နိုင်စေရန်အတွက် လူသားအရင်းအမြစ်တို့၏ အရည်အသွေးကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ထူထောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း Institute ကို တည်ထောင်သူလည်းဖြစ်၊ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်သူ ဒေါ်သန်းသန်းရွှေက ပြောသည်။

“ရခိုင်တစ်ယောက်အနေနဲ့ စီမံခန့်ခွဲမှု ပညာနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ သင်တန်းသွားတက်မယ်ဆိုရင် အလုပ်ပျက် အကိုင်ပျက်သွားရတဲ့အပြင်၊ လေယာဉ်စရိတ်နဲ့ အခြားကုန်ကျစရိတ်တွေ အများကြီး ရှိနိုင်ပါတယ်။ ဒီမှာ ဒီလိုမျိုး အဆင့်မီ စီမံခန့်ခွဲမှု သင်တန်းတစ်ခု ဖွင့်လှစ်ပေးခြင်းအားဖြင့် အလုပ်တစ်ဘက်နဲ့ သင်တန်းတက်နိုင်သလို ဦးနှောက်ယိုစီးမှုတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီသင်တန်းကျောင်းကို ထူထောင်ခဲ့တာဖြစ်ပါတယ်”ဟု သူမက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယင်းသို့ အဆင့်မီ စီမံခန့်ခွဲမှု သင်တန်းကျောင်းတစ်ကျောင်းကို သူမအနေဖြင့် စွမ်းစားမှုတစ်ရပ်ပြုလုပ်ကာ ထူထောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းကိုထူထောင်စဉ်က ပတ်ဝန်းကျင်ရခိုင်လူထုက အောင်မြင်မည်မဟုတ်ဟု ဟောကိန်းထုတ်ခဲ့သော်လည်း သူမနေဖြင့် သင်တန်းသား ရာချီ၍ မွေးထုတ်နိုင်ခဲ့ပြီဟု ဆိုသည်။

“ဒီလိုသင်တန်းကျောင်းမျိုးကို ရခိုင်ပြည်နယ်မှာ ဘာကြောင့် မထူထောင်နိုင်ကြသလဲလို့ လေ့လာကြည့်တဲ့ အခါ ရခိုင်ပြည်က ထိပ်ထိပ်ကြဲ ချမ်းသာသူတွေက ရခိုင်ပြည်ပြင်ပကို ရောက်သွားကြသလို၊ အဆင့်မြင့် ပညာကို တတ်ကျွမ်းသူတွေဟာလည်း အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ ရခိုင်ပြည်ပြင်ပကို ရောက်ရှိ သွားကြပါတယ်။ ကျမကျောင်းဖွင့်ခါစက ကျောင်းအတွက် ရခိုင်ပြည်ထဲမှာ သင်တန်းဆရာ တစ်ယောက်တောင် ရှာမတွေ့ခဲ့ပါဘူး”ဟု ဒေါ်သန်းသန်းရွှေက ပြောသည်။

သူမအနေဖြင့် စီမံခန့်ခွဲမှု ပညာကိုတတ်မြောက်ပြီးနောက် ရခိုင်လူငယ်များကို မြေတောင် မြှောက်ပေးချင်သည့် အတွက် ရခိုင်ပြည်နယ်သို့ ပြန်လာပြီး ဒီကျောင်းကို ထူထောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျမသင်တန်းစဖွင့်ဖို့ အခမ်းအနားလုပ်တဲ့အခါ လူ ၃၀ ယောက်လောက်သာ တက်ရောက်ခဲ့ကြပြီးတော့ သင်တန်းသား ၁၇ ယောက်နဲ့စခဲ့ရပါတယ်။ အခု သင်တန်းသားရာချီပြီး မွေးထုတ်နိုင်ခဲ့ပါပြီ။ ဒီနေ့အခမ်းအနားမှာ လူပေါင်းနှစ်ရာကျော် တက်ရောက်တာကို တွေ့ရတဲ့အတွက် အင်မတင်ဝမ်းသာမိပါတယ်။ တစ်နှစ်ပြည့် အောင်မြင်မှုတစ်ခုအနေနဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်က အသိအမှတ်ပြုထားတဲ့ UK နဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ အဆင့်မီ ABE သင်တန်းကို ဒီဇင်ဘာလမှာ စတင်သင်ကြားပို့ချသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါသင်တန်းသည် ၆ လသင်တန်းဖြစ်ပြီး သင်တန်းတက်လိုသူတစ်ဦးအနေဖြင့် သင်တန်းကြေး ၆ သိန်းကျပ်ပေးရမည် ဖြစ်ပြီး၊ အင်္ဂလန်မှ ပြုလုပ်ပေးသော စာမေးပွဲမေးခွန်းကို ဖြေဆိုရမည်ဖြစ်ကာ သင်တန်းအောင်မြင်ပြီး အသိအမှတ်ထားသည့် နိုင်ငံများတွင် တက္ကသိုလ်ဆက်တက်ပါက ပထမနှစ်ကို သင်ကြားစရာမလိုဘဲ ဒုတိယနှစ်က စတက်ရမည်ဟု ဆိုသည်။

ယင်းသင်တန်းဆင်း လက်မှတ်ဖြင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်လိုပါကလည်း လစာကောင်းကောင်းဖြင့် အဆင့်မြင့်သည့်အလုပ်ကို ရနိုင်သည်ဟု ၎င်းကပြောသည်။

လက်ရှိရခိုင်ပြည်နယ်၏ စီးပွားရေးသည် သမားရိုးကျ စီးပွားရေးဖြစ်နေပြီး၊ အနာဂတ် ပညာတတ် မျိုးဆက်သစ် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးနိုင်မှု မရှိသေးဟု ရခိုင်စီးပွားရေးလုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောကြားသည်။

သူက “ဒီနေ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးပုံစံက ပြည်မက ထုတ်လုပ်တဲ့ကုန်တွေကို ရခိုင်ပြည်နယ်သို့ တင်သွင်းပြီးတော့ စရိတ်စခတွေ နှုတ်မယ်၊ နောက်ပြီးတော့ ရသင့်တဲ့အမြတ်ကို ယူပြီး သမားရိုးကျ လုပ်နေတဲ့ စီးပွားရေးပဲဖြစ်ပါတယ်။ စွန့်ဦးတီထွင် စီးပွားရေးနဲ့ ပုံစံသစ်နဲ့ ဖော်ဆောင်မယ့် စီးပွားရေးတွေကို ကျနော်တို့ လုပ်လို့ မရနိုင်တော့ဘူး။ စီမံခန့်ခွဲမှု ပညာကို ကျွမ်းကျင်တဲ့ ဒီလူငယ်တွေ လက်ထက်မှာမှ လုပ်လို့ ရနိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းရှားပြီး ပညာတတ်လူငယ်များအတွက် အစိုးရဝန်ထမ်းအ လုပ်လည်း မလုံလောက်သည့်အတွက် မျိုးဆက်သစ်ရခိုင်လူငယ်များသည် ရခိုင်ပြည်နယ် ပြင်ပသို့ နေ့စဉ်နှင့်အမျှ ထွက်ခွာနေကြရသည်ဟု ဆိုသည်။

“မနက်ဘက်အလုပ်ဆင်းသူတွေကို ကြည့်လိုက်ရင် အစိုးရဝန်ထမ်းတစ်ချို့ရှိမယ်။ ကုမ္ပဏီ ဝန်ထမ်းတစ်ချို့ရှိမယ်။ အရောင်းဆိုင်တွေမှာ လစာနည်းနည်းနဲ့ လုပ်နေရတဲ့ အလုပ်သမားတွေရှိမယ်။ ဒီလိုမျိုး အလုပ်အကိုင် အခွင့်အလမ်း နည်းတဲ့အတွက် ရခိုင်လူငယ်တွေဟာ ရခိုင်ပြည်နယ် ပြင်ပကို ထွက်ခွာနေကြရပါတယ်”ဟု ဦးခင်မောင်ကြီးကပြောသည်။

ရခိုင်ပြည်နယ်သည် ပထဝီအနေအထားအရ ကမ္ဘာ့နိုင်ငံကြီးများ၏ စီးပွားရေး အချက်အချာကျသည့်အတွက် အဆိုပါနိုင်ငံကြီးများ၏ စီးပွားရေးဖော်ဆောင်မှုတွင် ပါဝင်နိုင်စေရန်အတွက် စီမံခန့်ခွဲမှုနှင့် ခေတ်မီနည်းပညာ တတ်မြောက်သည့် လူငယ်များလိုအပ်လာမည်ဟုဆိုသည်။

“ရခိုင်ပြည်နယ်က လုပ်ငန်းတွေဟာ စီမံခန့်ခွဲမှုနဲ့ စနစ်တကျလုပ်နေတဲ့ လုပ်ငန်းတွေကို မတွေ့ရသေးဘူး။ ရခိုင်ပြည်နယ်ရဲ့ လုပ်ငန်းခွင်ထဲက မန်နေဂျာတွေဆိုရင်လည်း လူတွေကိုခိုင်းဖို့ပဲတတ်တယ်။ အလုပ်မတတ်ရင် ဒါကိုတောင် မတတ်ဘူးလားဆိုပြီး ဆူဖို့ပဲတတ်တယ်။ အလုပ်ကို သင်ပေးနိုင်တဲ့အနေအထား မရှိသေးဘူး”ဟု ဦးခင်မောင်ကြီးက ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေကို သုံးသပ်ပြောကြားသွားခဲ့သည်။

ရခိုင်ပြည်နယ်၏ လက်ရှိကြုံကြိုက်နေရသော လူမှု၊ စီးပွား၊ နိုင်ငံရေးအခက်အခဲ အကြပ်အတည်းများကို ကျော်လွှားပြီး ကမ္ဘာနှင့်၊ အခြားနေရာဒေသများနှင့် ရင်ဘောင်တန်းနိုင်ရန် ကဏ္ဍအလိုက် စီမံခန့်ခွဲမှု ကျွမ်းကျင်သူများ လိုအပ်နေသည်ဟုဆိုသည်။

ယနေ့ပြုလုပ်သော Triple E Management Institute ၏ နှစ်ပတ်လည်အခမ်းအနားတွင် သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြသော သင်တန်းသားများအားလည်း သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်ဟု သိရှိရသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...