အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်က နယ်ရပ်စွန့်ခွာလာသူများအရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားကို မေးမြန်းစဉ် ဒေါက်တာအေးမောင်က နိရဥ္စရာသတင်းဌာနသို့ အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
“အောက်တိုဘာလ ၉ ရက်နေ့က မောင်တောခရိုင်ရှိ နယ်ခြားစောင်းစခန်း ၃ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရတဲ့နောက်ပိုင်းမှာ နိုင်ငံတော်လုံခြံုရေးဌာန တာဝန်ရှိသူတွေက နိုင်ငံတော်သိက္ခာ ကျဆင်း ခဲ့တယ်လို့ ခံယူခဲ့ပြီး နိုင်ငံတော် သိက္ခာကို အဖတ်ပြန်ဆယ်လိုကြတယ်။ အဲ့ဒီလို အဖတ်ဆယ်နိုင်ဖို့ အတွက် မောင်တောဒေသဟာ လုံခြံုမှု စိတ်ချရပြီဆိုတာကို ပြချင်တဲ့အတွက် နယ်ရပ်စွန့်ခွာလာသူတွေကို သူတို့ ဆန္ဒမပါဘဲ ပြန်ပို့ဖို့ လုပ်ဆောင်နေတာဟာ ရခိုင်အမျိုးသားပါတီရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်နေပါတယ်”ဟု ANP ပါတီဥက္ကဋ္ဌက ပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ကင်းစခန်း တိုက်ခိုက်ခံရသည့် ပုံစံမျိုးနောက်တစ်ကြိမ် အတိုက်အခိုက်မခံရအောင် လုံခြံုရေးအစီအမံများ၊ ရပ်ရွာ အေးချမ်းသာယာရေး၊ မောင်တော ဒေသဖွံ့ဖြိုးရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဂုဏ်သိက္ခာကို အဖတ် ဆယ်သင့်ကြောင်း၊ လုံခြံုမှုမရှိဘဲ နယ်ရပ်စွန့်ခွာလာသူများကို ပြန်ပို့ခြင်းကို မလုပ်ဆောင်သင့်ကြောင်း၊ ရခိုင်အမျိုးသားပါတီအနေဖြင့် နိုင်ငံတော်က လုံခြံုရေးအစီအမံများကို အပြီးအစီးဆောင်ရွက်ပြီး၊ လုံခြံုရေးကို အပြည့်အဝ စိတ်ချရမှသာ နယ်ရပ်စွန့်ခွာလာသူများကို ပြန်ပို့သင့်သည်ဟု ဆိုသည်။
“အခု နယ်ရပ်စွန့်ခွာလာသူတွေရဲ့ စိတ်ထဲမှာ ၁၉၄၂ ခုနှစ်က ဒဏ်ရာဒဏ်ချက်တွေ၊ ၁၉၉၄၊ ၂၀၁၂ က ဒဏ်ရာ ဒဏ်ချက်တွေတောင် မပျောက်သေးခင်၊ အခုတစ်ခါ ထပ်ပြီးတော့ ၂၀၁၆ ခုမှာ ဒဏ်ရာဒ ဏ်ချက်တွေ ရရှိလာခဲ့ပါတယ်။ ဒီဒဏ်ရာ ဒဏ်ချက်တွေကို ပျောက်ကင်းအောင်ကုစားဖို့ ဆိုတာ အဲ့ဒီ ဒေသရဲ့ လုံခြံုရေး စီးပွားရေးကို နိုင်ငံတော်က အာမခံနိုင်တဲ့အထိ ဖန်တီးပေးနိုင်ဖို့လိုအပ်ပါတယ်”ဟု ANP ဥက္ကဋ္ဌက ပြောသည်။
လူဦးရေ လွှမ်းမိုးမှုကို လူဦးရေတိုးချဲ့ခြင်းဖြင့် ကာကွယ်ဖို့ လိုအပ်ကြောင်း၊ တိုင်းရင်းသားကျေးရွာများကို ကျေးရွာကြီးများအဖြစ် စီမံဆောင်ရွက်ပြီး၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကိုလည်း ဖန်တီးပေးနိုင်ဖို့လိုအပ်ကြောင်း၊ နိုင်ငံသားဖြစ်မှ မြေယာပိုင်ဆိုင်ခွင့်ကို ဥပဒေအတိုင်း စီမံဆောင်ရွက်ပြီး၊ နိုင်ငံသားမဟုတ်ဘဲ မြေယာပိုင်ဆိုင်ထားမှုများကိုလည်း ဥပဒေအတိုင်း စီမံဆောင်ရွက်ကာ ထိုမြေယာမြေများကို တိုင်းရင်းသားများ လုပ်ကိုင်စားသောက်နိုင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်သည်ဟု ၎င်းကဆိုသည်။
လုံခြံုရေးနှင့်ပတ်သက်၍လည်း ကြည်းတပ်၊ ရေတပ်၊ နယ်ခြားစောင့်တပ်၊ ရဲတပ်နှင့် ပြည်သူလူထုတို့ လက်တွဲဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ တိုင်းရင်းသားကျေးရွာများရှိ လူငယ်လူရွယ်များနှင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူများကို ဌာနေရဲများအဖြစ် တာဝန်ပေးပြီး ရဲဌာန ကွပ်ကဲမှုအောက်တွင် သူတို့အလုပ်အကိုင် မပျက်ဘဲ လုပ်ကိုင်စေခြင်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်သင့်သည်ဟု ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
အောက်တိုဘာ ၁၂ ရက်နေ့က ပြည်ထောင်စု ကာကွယ်ရေးဒုတိယဝန်ကြီး မောင်တောသို့ ရောက်ရှိလာစဉ်အခါကလည်း ကျေးရွာသားများက ပြည်သူ့စစ်များကို လက်နက်အပ်ဖို့ တောင်းဆိုသောအခါ အစိုးရတွင် စီမံကိန်းမရှိကြောင်း၊ ဌာနေရဲဖေါ်ထုတ်မည့် အစီအမံရှိကြောင်း၊ ရဲတပ်ဖွဲ့ထဲဝင်ပြီး ကိုယ့်ရပ်ကိုယ့်ဒေသတွင် လုပ်ကိုင်စားသောက်၍ ရသည့် ပုံစံမျိုးဖြစ်သည်ဟု ရှင်းပြခဲ့သည်။
ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အောက်တိုဘာလ ၁၉ ရက်နေ့က မောင်တောမြို့သို့ ရောက်ရှိလာစဉ်ကလည်း တိုင်းရင်းသား ကျေးရွာများ လုံခြံုရေးအတွက် နယ်ခြားစောင့် ကင်းစခန်းများကို တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ပြီး၊ ဘင်္ဂလီကျေးရွာများကို ရှောင်ကွင်းလမ်းနှင့် တိုင်းရင်းသားကျေးရွာများ ရွာချင်းဆက်လမ်းများကို ဖေါက်လုပ်ပေးသွားမည်ဖြစ်ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် စီမံဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့တွင်ခိုလှုံနေကြသည့် မောင်တောဒေသမှ နယ်ရပ်တိမ်းရှောင်လာသူ တိုင်းရင်းသား ဒုက္ခသည်များအား အားပေးစကားပြောကြားခဲ့သည်ဟု သိရှိရသည်။







