စရဖတစ်ဦးအသတ်ခံရမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ လူငယ် ၃ ဦးကို ကျပ်သိန််း ၃၀၀ အာမခံဖြင့် လွတ်ပေး

စရဖတစ်ဦးအသတ်ခံရမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ လူငယ် ၃ ဦးကို ကျပ်သိန််း ၃၀၀ အာမခံဖြင့် လွတ်ပေး
by -
စံမောင်သန်း

လွန်ခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဝင်္ကာကွင်းထဲတွင် လုပ်ကြံခံခဲ့ရသော စရဖ တပ်ဖွဲ့ဝင် ကိုဖိုးလုံး အမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ ရခိုင်လူငယ် ၃ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် စစ်တွေမြို့မ ရဲစခန်းမှ အာမခံ ကျပ်သိန်း ၃၀၀ ဖြင့် လွတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွတ်မြောက်လာသူ ၃ ဦးမှာ ဘူးသီးတောင်မြို့မှ ကိုအောင်ဇော်လင်း၊ ပေါက်တောမြို့မှ ခိုင်ဘိုဘို (ခ) ကိုခိုင်သော်နှင့် ရသေ့တောင်မြို့နယ်မှ ကိုမေယုထွန်းတို့ ဖြစ်ကြသည်။

အဆိုပါလူငယ် ၃ ဦးသည် ဖိုးလုံး လုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယဖြင့် တစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ကျနော်တို့ အနေနဲ့ ဆုံးရှုံးမှုကတော့ အများကြီးပါ။ ကျနော်တို့ရဲ့ လွတ်လပ်ပိုင်ခွင့်တွေ၊ အထဲမှာ အကျဉ်းကျခံရတဲ့ဟာတွေ။ အချုပ်ထဲမှာပဲ အချိန်ကုန်ခဲ့ရတယ်”ဟု ကိုခိုင်သော်က ဆက်ပြောသည်။

၎င်းတို့သုံးဦးထဲမှ ကိုအောင်ဇော်လင်းမှာ အဝေးသင် စာမေးပွဲအပြီး ဖမ်းဆီးခံခဲ့ရပြီး ကိုခိုင်သော်မှာ စစ်တွေ တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးနောက် ပေါက်တောမြို့တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။ ကိုမေယုထွန်းမှာ မြန်မာစာအဓိက အဝေးသင်ကျောင်းသားတစ်ဦးဖြစ်ပြီး မကြာမီစာမေးဖြေဆိုရမည့် ကျောင်းသားတစ်ဦးဖြစ်သည့်အတွက် သူ့ပညာရေးအတွက် ထိခိုက်နစ်နာမှု ရှိသည်ဟုဆိုသည်။

“ကျနော်တို့ ၃ ယောက်အတွက် ANP က ခေါင်းဆောင်တွေက ကျပ်သိန်း ၃၀၀ နဲ့ အာမခံပေးပြီး လွှတ်ပေးလိုက်တာပါ။ CID က လွှတ်ပေးလိုက်တာပါ။ မတရား အဖမ်းဆီးခံခဲ့ရတဲ့ ကျနော်တို့ လူငယ်ဘက်က ကြည့်မယ်ဆိုရင် ကျနော်တို့ဘက်က ဂုဏ်သိက္ခာတွေရော၊ ကျနော့်မှာ ရှေ့မှာ စာမေးပွဲ ဖြေဆိုရမယ့် အခြေအနေရော တအားကြီး ဆုံးရှုံးသွားရတဲ့အတွက် တအားကြီး စိတ်မကောင်း ဖြစ်မိပါတယ်”ဟု ကိုမေယုထွန်းက ပြောသည်။

လူငယ် ၃ ဦးသည် AYC အဖွဲ့ခေါင်းဆောင်များလည်းဖြစ်ပြီး အဆိုပါ လူငယ် သုံးဦး လွတ်မြောက်ရေးအတွက် ရခိုင်လူငယ် ၇၀ က စစ်တွေတရားရုံးသို့ သွားရောက် လှုပ်ရှားမှု တစ်ခုကို နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ဒီလိုလွှတ်ပေးလိုက်မှုအပေါ်မှာ တစ်ဘက်မှယတော့ ကျေနပ်တယ်။ ၃၀၂ နဲ့ စွပ်စွဲထားတဲ့ အမှုတစ်ခုကို တရားရုံးက လွှတ်ပေးတာမျိုးမဟုတ်ဘဲနဲ့ ရဲစခန်းက လွှတ်ပေးတဲ့အပေါ်မှာတော့ ဥပဒေပိုင်း လုပ်ထုံး လုပ်နည်းအနေနဲ့ သိပ်ဘဝင်မကျမိပါဘူး”ဟု ရခိုင်လူငယ် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမင်းဘာချေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ လူငယ် ၃ ဦးအား အာမခံဖြင့် လွှတ်ပေးလိုက်ခြင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် သတင်းထောက်များက CID ရုံးသို့ သွားရောက်ပြီး တာဝန်ရှိသူကို တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ရုံးတွင် တာဝန်ကျနေသည့်တစ်ဦးက အမှုစစ်မရောက်ရှိသေး၍ နေ့လယ်မှ ပြန်လာကြပါဟု ပြောလွတ်လိုက်သည်။

အဆိုပါလူငယ် ၃ ဦးအား မှုခင်းဖြစ်ပွားသည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မည်သည့်နေရာတွင် ရှိနေခဲ့သည်ကို အဓိက စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရှိရသည်။

Most read this week

May 1, 2024
ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့...
April 29, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ...
April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...