တောင်ကုတ်မြို့နယ်တွင် သစ်ဖမ်းသည့်ရဲတပ်ဖွဲ့နှင့် အရပ်သားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ရဲတပ်ကြပ်တစ်ဦး ရေထဲပြုတ်ကျသေဆုံး

တောင်ကုတ်မြို့နယ်တွင် သစ်ဖမ်းသည့်ရဲတပ်ဖွဲ့နှင့် အရပ်သားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ရဲတပ်ကြပ်တစ်ဦး ရေထဲပြုတ်ကျသေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် သစ်ဖမ်းသည့် ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူ ၁၀၀ ခန့်အကြား အပြန်အလှန် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စဉ် စက်လှေပေါ် ပြန်တက်သည့် ရဲတပ်ကြပ်တစ်ဦး လက်နက်များနှင့်အတူ ရေထဲပြုတ်ကျရာမှ သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်မှာ တောင်ကုတ်မြို့နယ် တောင်ရွာကျေးရွာအုပ်စု၊ ဓါးမကျကျေးရွာ၏ တောင်ဖက် (၁၀)မိုင်ခန့် အကွာ ဓါးမကျဆည်တွင် သစ်သွားဖမ်းရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သူတို့နှင့်အတူ လိုက်ပါသွားသူ မျက်မြင် စက်လှေသမားတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသော သစ် ၅ တန်ကို စက်လှေပေါ်တင်နေချိန်တွင် ကျေးရွာသား ၁၀၀ ခန့်မှ ၀ိုင်းဝန်းပြီး လေးဂွများ၊ ဂျင်ဂလိများဖြင့် တိုက်ခိုက်လာသဖြင့် ရဲတပ်ဖွဲ့က သေနတ်များဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ရသည်ဟု သိရသည်။

“ အခင်း ဖြစ်ပွားချိန်က အောက်တိုဘာ ၂၈ ရက် ညဉ့် ၁၁ နာရီ အချိန်တွင်ဖြစ်တာပါ။ ကျွန်းသစ်နဲ့ တစ်ခြားရောရာ သစ် (၅) တန်ခန့်ကို အလုပ်သမားတွေနဲ့ စက်လှေပါ်သို့တင်နေချိန် ဓါးမကျ ဆည်အတွင်းကနေ အမည်မသိတဲ့ လူ ၁၀၀ ဦးခန့်ကနေ သစ်များတင်ဆောင်ရာ နေရာကို ရောက်ရှိလာပြီး လေးဂွ၊ ဂျင်ဂလိ၊ ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပါတယ်။ ရဲအုပ်ချစ်ထွန်းဦးစီးတဲ့ အဖွဲ့မှ သေနတ်နဲ့ အချက် ပေါင်း ၂၀ ခန့် ပြန်လည် ခြောက်လှန့် ပစ်ခတ်ခဲ့ရပါတယ်” ဟု သူက ဆိုသည်။

ထိုသို့ ဖြစ်ပွားစဉ် စက်လှေပေါ်သို့ ပြန်တက်သည့် တပ်ကြပ် မျိုးမင်းအေးမှာ သေနတ်၊ အီကွေမင်းများနှင့် အတူ ရေထဲပြုတ်ကျသွားခဲ့ကြောင်း၊ တပ်ကြပ်မျိုးမင်းအား ပတ်ဝန်းကျင်မှ လူများဖြင့် ရှာဖွေရာ အောက် တိုဘာ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် အခင်းဖြစ်ရာချောင်းအတွင်းမှ လက်နက်များဖြင့် အတူ အသက် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ရဲစခန်းကို ဆက်သွယ်ရာ အခင်း ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်ဟု ပြောကြားပြီး စစ်ဆေးရန် သွားရောက်သည့် သက်ဆိုင်ရာ တာဝန်ရှိသူများ ရဲစခန်းသို့ ပြန်မရောက်သေးသဖြင့် အသေးစိတ် မပြောနိုင်ကြောင်း ပြောဆိုသည်။

April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...