စျေးဆိုင်ခန်း မဲခွဲမှု တရားမျှတခြင်း မရှိဟုဆိုကာ မအီစျေးသူစျေးသား ၅ဝကျော် ဆန္ဒဖော်ထုတ်

စျေးဆိုင်ခန်း မဲခွဲမှု တရားမျှတခြင်း မရှိဟုဆိုကာ မအီစျေးသူစျေးသား ၅ဝကျော် ဆန္ဒဖော်ထုတ်
by -
စိုးဇံအောင်(တောင်ကုတ်)
(ဓါတ်ပုံ-Thein Hlaing/Facebook)
(ဓါတ်ပုံ-Thein Hlaing/Facebook)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မ ကိုယ်ထူကိုယ်ထစျေးကြီးမှ စျေးတည်ဆောက်ရေးကော်မတီ၏ ဆိုင်ခန်း မဲခွဲဝေပေးရာတွင် တရားမျှတမှုမရှိဟု ဆိုကာ မအီစျေးသူစျေးသား ၅၀ ကျော်ခန့်သည် ယနေ့ နံနက် ၇ နာရီက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"မအီးစျေးကော်မတီရဲ့ ဆိုင်ခန်းခွဲဝေတာတွေ စျေးရဲ့ ငွေစာရင်းရှင်းတမ်းတွေပေါ့နော်။ ဒါတွေဟာ ပွင့်လင်း မြင်သာမှုမရှိဘူး။ ပြီးတော့ ဒီစျေးဟာ စျေးသူစျေးသားတွေဆီက တစ်ဦးကို သိန်း ၂၀ ကျပ် ထည့်ဝင် ထားတာပါ။ စုစုပေါင်း စျေးရုံ ၄ ရုံရှိတယ်။ အဲဒီ ၄ ရုံမှာမှာ ၃ ရုံကိုပဲ ဒီ ၁၂၈ ဦးကို မဲခွဲပေးတယ်။ ပြီးတော့ A ရုံကိုပေါ့။ အထည် ဆိုင်ဆိုပြီး သူတို့စျေးကော်မတီက ချန်ထားခဲ့တယ်။ ပြီးတော့ စျေးကော်မတီရဲ့ ငွေစာရင်း ရှင်းတမ်း တွေဟာလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် အခုလို ဆန္ဒပြရတာ ဖြစ်ပါတယ်" ဟု မအီမြို့မှ ဦးခင်မောင်ကျော် က နိရဥ္စရာသို့ပြောသည်။

မအီမြို့မကိုယ်ထူကိုယ်ထစျေးကြီးကို ၂၀၁၂ ခုနှစ်တွင် မြေနေရာသတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့ရာ A,B,C,D ဟူ၍ စျေးဆိုင်ခန်းရုံ ၄ ခုပါဝင်ပြီး တစ်ရုံလျှင် ဆိုင်ခန်း ၃၂ ခန်းပါဝင်ပြီး စုစုပေါင်း ၁၂၈ ခန်းရှိသည်ဟုသိရသည်။

ထိုစျေးကို ၂၀၁၈ ခုနှစ်တွင် စည်ပင်သာယာရေးကော်မတီနှင့် စျေးသူစျေးသားများက ပူးပေါင်း တည်ဆောက်ခဲ့ပြီး စျေးသူစျေးသားတစ်ဦးစီက သိန်း ၂၀ ကျပ်စီထည့်ဝင်ခဲ့ကာ စျေးဆိုင်ခန်း တစ်ခန်းကို တစ်ဦးနှုန်းစီဖြင့် စုစုပေါင်း ၁၂၈ ဦးထည့်ဝင်ခဲ့သည်ဟု သိရသည်။ငွေကြေး စုစုပေါင်းစျေးတည်ဆောက် ငွေတန်ဖိုးမှာ သိန်းပေါင်း ၂၅၆၀ ကုန်ကျခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မအီစျေးတည်ဆောက်ရေးကော် မတီဥက္ကဌ ဦးဝင်းလွင် အား ဆက်သွယ် မေးမြန်းရာ ယခုကိစ္စသည် စျေးသူစျေးသားများ၏ မဲခွဲဝေမှုအပေါ် သဘောပေါက် နားလည်မှု မရှိခြင်း ဖြစ်ကြောင်း၊ မဲစနစ်ဖြင့် မခွဲခင်ကပင် စျေးသူစျေးသားအားလုံးကို အစည်းအဝေးခေါ် ယူ၍ မိမိအနေဖြင့် သဘောတူ၊ မတူကို အတိအလင်း မေးမြန်းခဲ့ကြောင်း နိရဥ္စရာသို့ပြောသည်။

"သူတို့ကို ဆိုင်ခန်းတွေကို မဲမခွဲခင်ကပဲ ကျွန်တော်တို့အနေနဲ့ အစည်းအဝေးခေါ်ယူပြီး ဒီကိစ္စကို ဒီမဲခွဲဝေယူမှုကို သဘောတူ မတူ ကျွန်တော်ကိုယ်တိုင်အတိအကျ မေးမြန်းခဲ့ပါတယ်။ သူတို့ကလည်း ကျွန်တော် ၃ ခါ မေးရင် ၃ ခါလုံး သဘောတူတယ်လို့ပြန်ဖြေတဲ့အတွက် ဒီဆိုင်ခန်းတွေ မဲခွဲဝေယူမှုကို လုပ်ခဲ့တာပါ။ အဓိကကတော့ သူတို့အနေနဲ့ မဲခွဲဝေယူတဲ့ အဓိပ္ပာယ်ကိုနားမလည်ကြတာပါ” ဟု မအီမြို့ စည်ပင်သာယာရေး ကော်မတီဥက္ကဌလည်းဖြစ်၊ မအီစျေးတည်ဆောက်ရေး ကော်မတီ၏ ဥက္ကဌဖြစ်သူ ဦးဝင်းလွင် ကပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် နံနက် ၇ နာရီတွင်စတင်ကာ မအီမြို့အမှတ် (၄)ရပ်ကွက် ပြည်ဝင်ဘုရားအနီးမှ အမှတ်(၃) ရပ်ကွက် မအီစျေးထိပ်ထိချီတက် ဆန္ဒပြခဲ့ကြပြီး မအီစျေးဖြစ်မြောက်ရေး ကော်မတီအလိုမရှိ၊ ဆိုင်ခန်း ၁၂၈ ခန်းကို ပွင့်လင်းမြင်သာမှုရှိစွာ ပြန်လည်မဲနှိုက်ပေးရေး၊ ဆိုင်ခန်း ၁၂၈ ခန်းအား ငွေစာရင်း ရှင်းတမ်းတိကျစွာ ရှင်းလင်းပေးရေး စသည့်ဆောင်ပုဒ်များ ကြွေး ကြော်သံများဖြင့် ကြွေးကြော်ကာ စီတန်း လှည့်လည်ခဲ့ကြသည်ဟု သိရသည်။

နံနက် ၈ နာရီခွဲတွင် ဆန္ဒဖော်ထုတ်ပွဲပြီးဆုံးခဲ့သည်ဟု သိရသည်။

 

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...