လီဒိုလမ်းမ ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ အကူညီ တပ်မတော် ဟန့်တား

လီဒိုလမ်းမ ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ အကူညီ တပ်မတော် ဟန့်တား
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် လီဒိုလမ်းမ ရှထိုးဇွပ် စစ်ပြေးဒုက္ခသည်များ အတွက် Green Land အဖွဲ့၏ စားနပ်ရိက္ခာ အကူအညီ သယ်ဆောင်လာသော မော်တော်ယာဉ် တစ်စီး ကို မြန်မာ့တပ်မတော်မှ ဖြတ်သန်းခွင့် မပြု တားဆီး ထားဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၈ ရက်နေ့ မနက် ဖားကန့်မြို့ အခြေစိုက် Green Land သဘာဝပတ်ဝန်းကျင်အဖွဲ့မှ ဆန်အိတ် ၁၃၀၊ စားဆီ (ပုံးကြီး) ၄၀ နှင့် ဆားအိပ်ကြီး ၆ အိတ် တို့ကို Shahtu Zup (ရှထိုးဇွပ်) သို့ သယ်ဆောင်လာစဉ် ဖားကန့်-လဝါး လမ်းဆုံမှာ တပ်မတော် က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း Green Land အဖွဲ့မှ ဦးနောင်လတ် က ပြောသည်။

ပုံမှန် လုပ်ထုံးလုပ်နည်းအရ ဖားကန့်မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူး (ထွေအုပ်) ၏ ထောက်ခံစာ နှင့် ခရီးထွက်လာခဲ့သော်လည်း ထွေအုပ်မှာ အစိုးရ မဟုတ်တဲ့အတွက် တရားမဝင်ကြောင်း တပ်မတော် မှ ပြောကာ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးနောင်လတ် ပြောသည်။

အဆိုပါ ကိစ္စအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် သို့ တင်ပြသော်လည်း ဝန်ကြီးချုပ်က နယ်စပ်ရေးရာ လုံခြံုရေး ၀န်ကြီး (နယ်လုံ) ထံ လွဲခဲ့ခြင်းကြောင့် Green Land အဖွဲ့မှ ယမန်နေ့က နယ်လုံကို တွေ့ဆုံချိန် စောင့်လက် စ ၁ ရက် ထပ်စောင့်ရန် ညွန်ကြား ခဲ့ကြောင်း ဦးနောင်လတ်က ပြောသည်။

တပ်မတော်နှင့် နယ်လုံ၏ ပြောဆိုမှုအရ ၄င်းအကူအညီ ရိက္ခာများကို စစ်ပြေးဒုက္ခသည်များထံ မဟုတ်ဘဲ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကိုသာ သွားရောက်ပေးအပ်မည်ကို စိုးရိမ်နေကြောင်း Green Land အဖွဲ့က ပြောသည်။

Shahtu Zup ကျေးရွာအနီး ရွှေမှော်များတွင် လွန်ခဲ့သည့် ဇူလိုင်လကုန်ပိုင်း တနိုင်းအခြေစိုက် KIA တပ်ရင်း ၁၄ နှင့် တပ်မတော် တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းကြောင့် ရွှေမှော် တစ်ဝိုက် ကျေးရွာများမှ စစ်ပြေး ပြည်သူ ၅၀၀ ခန့်သည် Shahtu Zup ကျေးရွာမှာ ခိုလှုံနေခြင်း ဖြစ်သည်။

Shahtu Zup စစ်ပြေး ဒုက္ခသည်များအတွက် အစားအသောက်များ သယ်ဆောင်လာသော Green Land အဖွဲ့ မော်တော်ယာဉ် ဖားကန့်-လဝါး လမ်းဆုံမှာ ယနေ့ ၃ ရက် မြောက် ဟန့်တားခြင်း ခံနေရပါသည်။

ယခု နှစ်ဆန်းပိုင်းမှ စပြီး အစိုးရတပ် က ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ဒေသ တရုတ်နယ်စပ် တလျှောက် စစ်ပြေး ဒုက္ခသည်စခန်းများကို အစိုးရထိန်းချုပ် နယ်မြေမှ ဆေးဝါးနှင့် စားနပ်ရိက္ခာအကူအညီ သယ်ပို့ပေးမှုများကို လုံးဝ ဟန့်တား ထားသည်။ လွန်ခဲ့သည့် မေလ တွင် ဝိုင်းမော်မြို့နယ် နယ်ခြား မှတ်တိုင် ၈ နှင့် KIO ဗဟိုဌာနချုပ် အနီး စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP ၏ အကူအညီကို တားမြစ်ခဲ့သည်။

ကချင်ပြည်နယ် တောင်ပို်င်း အစိုးရထိန်းချုပ်သော မံဝင်း ကျေးရွာရှိ စစ်ပြေး ဒုက္ခသည်စခန်းကြီး ၄ ခု အတွက် WFP ၏ အကူအညီကို နမ့်ခမ်းမြို့မှာ ပြီးခဲ့သည့် သြဂုတ်လမှ စပြီး ယခုချိန်ထိ လုံးဝ ဖြတ်သန်းခွင့် မပြု တားဆီး ထားဆဲဖြစ်သည်။

တပ်မတော်က တနိုင်ငံလုံး ပစ်ခတ် ရပ်စဲရေး NCA စာချုပ် လက်မှတ် ရေးထိုးရန် ငြင်းဆန်သော KIO ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေချိန် စစ်ပြေး ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ အကူအညီ ပေးမှုများကို ဟန့်တားခြင်း ဖြစ်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...